ပညာပြည့်ဝနှလုံးလှသူများ

ပညာပြည့်ဝနှလုံးလှသူများ

ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပေသည်။ ထို့အတူ ဥပဒေကို သိရှိလေးစား လိုက်နာတတ်ရန်နှင့် သိက္ခာရှိစွာ ပြုမူနေထိုင်တတ်အောင်လည်း လမ်းပြသွန်သင် ပေးသွားကြရမည် ဖြစ်သည်။ မျိုးဆက်သစ်များ၏ အနာဂတ်ကို ပုံဖော်ရာတွင် စာသင်ကျောင်းများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလှပေသည်။ ထို့ကြောင့် ကျောင်းများကို ဖွင့်လှစ်ထားခြင်းသည် ထောင်တံခါးများကို ပိတ်ထားခြင်းပင် ဖြစ်သည်ဟု ပညာရှင်တို့က မိန့်ဆိုကြခြင်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူတိုင်းသည် အတန်းပညာများကို တတ်မြောက်အောင်သင်ယူကြရမည်ဖြစ်သည်။ ကျောင်းပညာကို ဆုံးခန်းတိုင်သင်ယူကြမှသာ မိမိတို့၏ဘဝလမ်းခရီးမှာ အဆင်ပြေချောမွေ့မည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် နှစ်စဉ်ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးကာ ထောက်ပံ့ပေးလျက်ရှိသည်။ ပညာကိုဆုံးခန်းတိုင်သင်ယူခြင်းမရှိပါက မိမိဘဝအတွက် အကျိုးမဲ့စေသကဲ့သို့ မိဘနှင့်နိုင်ငံတော် အတွက်လည်း နစ်နာဆုံးရှုံးမှု ဖြစ်စေသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအခြေခံသည် ပညာတတ်များပေါကြွယ်ခြင်းဖြစ်သည်။

နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရေးနှင့် မျိုးဆက်သစ်များ၏ အနာဂတ်ကို ပုံဖော်ရာတွင် စာသင်ကျောင်းများ၊ သင်ရိုးညွှန်းတမ်း အရည်အသွေးများ၊ ဆရာ၊ ဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုများ၊ သင်ကြားရေးကျွမ်းကျင်မှုများ၊ နာသုံးနာနှင့်ပြည့်ဝသည့်ဆရာ့ဂုဏ်နှင့် အသက်မွေးဝမ်းကျောင်း ပြုသည့် အလုပ်အပေါ်ထားရှိသည့်  သဘောထားများနှင့်တန်ဖိုးထားမှုများက အရေးပါနေမည်ဖြစ်သည်။ ဆရာ၊ ဆရာမတို့၏ ပြုစုပျိုးထောင်မှုကောင်းလေလေ တပည့်များ၏အရည်အသွေး တောက်ပြောင်လာလေလေဖြစ်ပေရာ ဆရာများ၏ အရေးပါမှုကို မြန်မာမှုနယ်ပယ်တွင် အနန္တောအနန္တငါးပါးတွင် တစ်ပါးအဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရည်အသွေးရှိသည့် ပညာရေးကို သင်ကြားနိုင်ခွင့်ရရှိရန်နှင့် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် အခြေခံပညာကဏ္ဍတွင် စာသင်ဆောင် အသစ် ၅၈၃၅ ဆောင်၊ စာကြည့်တိုက် ၁၂၅ ဆောင်၊ အဆင့်မြင့်ပညာကဏ္ဍတက္ကသိုလ်များမှာ စာသင်ဆောင်အသစ် ၂၁ ဆောင်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် ၂၂ ဆောင်၊ ဆရာ၊ ဆရာမအဆောင် ၃ ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ ၃ ခု၊ သုတေသနစင်တာ ၅ ခု၊ စာကြည့်တိုက် ၃ ခု၊ အားကစားရုံ ၁ ရုံနှင့် ပညာရေး ဒီဂရီကောလိပ်များမှာ စာသင်ဆောင်အသစ် ၂၃ ဆောင်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် ၄၀၊ ဝန်ထမ်းအိမ်ရာ ၂၇ ခု၊ စာကြည့်တိုက် ၁ ခု၊ အားကစားရုံ ၂ ရုံတို့ ဆောက်လုပ်ပေးထားပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်မောင်မယ်များကိုကျန်းမာကြံ့ခိုင်၍ ပညာတတ်မြောက်သော လူ့စွမ်းအား အရင်းအမြစ်များ ရရှိလာအောင် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားစိုက်ပံ့ပိုးပေးလျက်ရှိသည်။  ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးနေခြင်းဖြစ်သလို လိုအပ်သည့်သင်ယူမှုဝန်းကျင် ကောင်းများကိုလည်း ဖန်တီးပေးထားပြီးဖြစ်သည်။  နိုင်ငံတော်အနေဖြင့်  ပညာရေးဝန်ကြီးဌာနသာမက အခြားဝန်ကြီးဌာနများမှ ကျောင်းအသီးသီးတွင်လည်း အဆောက်အအုံ ၁၄၈ လုံး ဆောက်လုပ်ပေးထားပြီး ဖြစ်သည်။

၂၁ ရာစုသည်ပညာခေတ်ဖြစ်ပေရာ အရာရာတိုင်းကိုပညာကသာ ဦးဆောင်လျက်ရှိသည်။ ပညာဆိုသည့် နယ်ပယ်မှာ ကျယ်ဝန်းလှသည့်အတွက် ပညာသင်ကြားပေးရာတွင် ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ ရရှိအောင် သင်ကြားပေးကြရမည်ဖြစ်သည်။ နိုင်ငံတော်က ချမှတ်ထားသော မြန်မာ့ပညာရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် သင်ရိုးသစ် ပညာရေးနှင့်အတူ ဆရာနှင့်ကျောင်းသား၊ မိဘနှင့်ဆရာအတူတကွလက်တွဲညီညီ လျှောက်လှမ်းကြရမည် ဖြစ်သည်။ တန်းစဉ်အလိုက်ကူးပြောင်းအောင်မြင်ရန်၊ သင်ချင်တတ်ချင်စိတ်များရှိလာရန်၊ ကလေးအားလုံး ကျောင်းမြဲနေရန်မှာ ဆရာ၊ မိဘ၊ ကျောင်းသားအားလုံးက ကြိုးပမ်းကြရမည်ဖြစ်သည်။

နိုင်ငံတော်အတွက်  တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေး၊  အနာဂတ်ပညာရေး နယ်ပယ်ကဏ္ဍများ မြင့်မားတိုးတက်ရေးအတွက် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့်  အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအား အရင်းအမြစ်များသည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ပိုမိုနားလည် သဘောပေါက်ကြသည်နှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများ ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။   ။