စကိုင်းနက်ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များယှဉ်ပြိုင်ထိုးသတ်

စကိုင်းနက်ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များယှဉ်ပြိုင်ထိုးသတ်

ရန်ကုန်  ဇွန်  ၄

 

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ ရွှေသံလွင်မီဒီယာကစီစဉ်သည့် စကိုင်းနက်ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နေ့လယ်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ကျင်းပသည်။

ရှေးဦးစွာ ၆၀ ကီလိုတန်း  သန့်ဇင်(တော်ဝင်ဧရာ)နှင့် ဟိန်းထွန်းအောင်(ရွှေသထုံ)တို့ပွဲစဉ်တွင်  ဟိန်းထွန်းအောင်က အားပါသော လက်သီးထိုးချက်များဖြင့် တိုက်စစ်ဖွင့်ထိုးခဲ့သည်။ သန့်ဇင်က အမှားစောင့်တန်ပြန်ကန်ချက်များအသုံးပြုပြီး ရင်ဆိုင်ထိုးသတ်ခဲ့ရာ ငါးချီမြောက်တွင် သန့်ဇင်၏ခြေကန်ချက်ထိမှန်ကာ ဟိန်းထွန်းအောင် ဆက်လက်မယှဉ်ပြိုင်နိုင်တော့ဘဲ အရှုံးပေးခဲ့ရသည်။

ထို့အတူ နောက်ထပ် ၆၀ ကီလိုတန်း ပြိုင်ပွဲတစ်ပွဲဖြစ်သည့် ဒိုးလေး(အဖြူရောင် သွေးသစ်)နှင့် ကျော်ရဲမင်း(အဲကညေား)တို့ ပွဲစဉ်တွင် ပထမအချီ ၁ မိနစ် ၄၂ စက္ကန့်တွင် ကျော်ရဲမင်း၏ တံတောင်ရိုက်ချက်ထိမှန်ကာ ဒိုးလေးမှာ ဆေးရှုံးဖြင့် ဆက်လက်မယှဉ်ပြိုင် နိုင်တော့ဘဲ ကျော်ရဲမင်း အနိုင်ရရှိသည်။

ထို့နောက် ၆၃ ဒသမ ၅ ကီလိုတန်းပွဲစဉ်များ   ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ကြရာ ဝီလျံ(ဒို့ရိုးရာ)က ကရင်လေး(ရာမညအားမာန်)ကို ပထမအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ အောင်ဇော်ဟိန်း(ရွှေကုက္ကို)က ထွန်းဝင်းအောင်(အဲကညေား)ကို ဒိုင်အဆုံး အဖြတ်ဖြင့်လည်းကောင်း  အနိုင်ရရှိခဲ့ကြသည်။ ဆက်လက်၍ ၆၇ ကီလိုတန်းတွင် စောမြလင်း(အဲကညေား)နှင့်   ထက်နိုင်အောင်(ပင)တို့  သူတစ်ပြန်ကိုယ်တစ်ပြန် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း တတိယအချီတွင် ထက်နိုင်အောင်၏  ဒူးတိုက်ချက်ကြောင့်   စောမြလင်း အနားတောင်းခဲ့ရပြီး ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် ထက်နိုင်အောင် အနိုင်ရရှိသည်။

ထို့နောက် ၅၇ ကီလိုတန်း ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် သွေးလင်းထက်(ဒေါနတောင်ခြေ)က ဘယ်လက်သီး၊ ညာလက်သီး၊ ထောက် လက်သီး၊ ခြေကန်ချက်၊ ဒူးတိုက်ချက်များ တရစပ်သုံး၍ စစ်သွေး (ဘိလပ်မြေစက်ရုံ)ကို ဖိအားပေးထိုးသတ်ခဲ့ပြီး တတိယအချီ တွင် သွေးလင်းထက်က    အလဲထိုးဖြင့် အနိုင်ရရှိသွားသည်။

ယနေ့ယှဉ်ပြိုင်ကြသည့် ပွဲစဉ်များမှာ သုံးမိနစ်ထိုး နှစ်မိနစ်နား ငါးချီစနစ်ဖြင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြခြင်း ဖြစ်ပြီး အနိုင်ရရှိသူများသည် နောက်တစ်ဆင့်တက်ရောက်သွားပြီဖြစ်ကာ ဇွန် ၁၁ ရက်   တတိယနေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များ၊ ဇွန် ၁၈ ရက် စတုတ္ထနေ့တွင် ဗိုလ်လုပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ကြောင်း သိရသည်။                          

ဝန်းရံခ