(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရေကူးအားကစားနည်းမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရေကူးအားကစားနည်းမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်  ဇွန်  ၅

 

ဇွန် ၃ ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အားကစားကွင်း/အားကစားရုံများ၌ကျင်းပရာ Morodok Techo National Stadium Aquatic Centre  ၌ ကျင်းပလျက်ရှိသည့် ရေကူးအားကစားနည်း အမျိုးသားမီတာ (၅၀) ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် (မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း)နိုင်ငံတို့  ယှဉ်ပြိုင် ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မောင်မင်းထူးက ရေကူးအား ကစားနည်းအတွက် ပထမဆုံး (ရွှေတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသားမီတာ(၁၀၀) ပက်လက်ကူးပြိုင်ပွဲတွင် (မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မောင်အောင်မြင့်မြတ်က ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသားမီတာ(၂၀၀) အလွတ်ကူး ပြိုင်ပွဲတွင် (မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ နိုင်ငံမှ မောင်နိုဇင်က ဒုတိယ(ငွေတံဆိပ်)ဆုကို လည်းကောင်း၊ အမျိုးသားမီတာ(၅၀) လိပ်ပြာကူးပြိုင်ပွဲတွင် (မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မောင်ကျော်ထူးက ဒုတိယ(ငွေတံဆိပ်)ဆုကို လည်းကောင်း၊ Morodok Techonational Stadium Complex ၌ ကျင်းပလျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်း အမျိုးသားသံလုံး ပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်စည်သူ ထက်က ဒုတိယ(ငွေတံဆိပ်) ဆုကိုလည်း ကောင်း၊  အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မထက်ထက်အေးက တတိယ(ကြေးတံဆိပ်)ဆုကို လည်းကောင်း ဆုတံဆိပ် များအသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်း အနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံမသန်စွမ်း သူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင် စစ်တုရင်၊ မျက်မမြင်ဂိုးလ်ဘော၊ ရေကူး၊ ဘော်လီဘော၊ အလေးမ၊ ဘောလုံး၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်တစ်ခု ထပ်မံရရှိခဲ့ကြသည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်ခုနစ်ခု၊ ကြေးတံဆိပ်နှစ်ခု   စုစုပေါင်းဆုတံဆိပ် ၁၃ ခု  ဆွတ်ခူးရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

ကျော်လွင်