ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်စိုး (ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Special Task Force –STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်စိုး ()လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Special Task Force –STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် -

              ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်သည် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ်(က/၂၆၅)၊ တိုက်ခန်းအမှတ်(၇)ရှေ့၌ (စိစစ်ဆဲ) အကြမ်းဖက်သမား ၁ ဦးမှ ပစ္စတိုဖြင့် ရက်စက်စွာ အကြောင်းမဲ့ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် သေဆုံးခဲ့သည့်  ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

       သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော် အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိရေးအတွက်  ဖြစ်စဉ်ဖြစ်ပွားရာ နေရာဝန်းကျင်တွင် စောင့်ကြည့့်စစ်ဆေးမှုများပြုလုပ်၍ အကြမ်းဖက်သမားများအား ရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် ခဲ့ရာ တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခု၌ ဒေါ်လီလီနိုင်စိုး (ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီ တို့ ၂ ဦးအား  ဖမ်းဆီးရမိခဲ့သည်။

         ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် KNLA တပ်မဟာ(၁) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် Special Test Force - STF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ကာ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ STF အမည်ခံအကြမ်းဖက် အဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လအား ထပ်မံတက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

            ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ STF အမည်ခံအကြမ်းဖက် အဖွဲ့အား ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ခေါင်းဆောင်၍ KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီးရှိ STF စခန်းတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

            ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းနေထိုင်လျက်ရှိသည့် ဘော်ဒိုင်း ကျေးရွာအနီးရှိ စခန်းအား တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှေိာင်နေခဲ့ ရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် တရားခံပြေး ဒီငြိမ်းလင်း မှ STF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ၂၆ ဦးအား အဖွဲ့များခွဲကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

            ဖမ်းဆီးရမိတရားခံ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ကော့ကရိတ်မြို့နယ်အတွင်းမှ ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခုတွင် တစ်လလျှင် ၁ သိန်းကျပ်ဖြင့် အခန်းငှားနေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် တရားခံ ကောင်းဇာနည်ဟိန်း(ခ)လပြည့်သည် ဘုရင့်နောင်ကုန်စည်ပွဲရုံဝင်းအတွင်းရှိ ကားဝပ်ရှော့တစ်ခု၌လည်းကောင်း၊ ကျော်သူရ (ခ)အီးတီသည် မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင် တစ်ခု၌လည်းကောင်း ကြုံရာကျပန်းဝင်ရောက်လုပ်ကိုင်၍ တရားခံပြေး ဒီငြိမ်းလင်း မှ ခိုင်းစေမည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စောင့်ဆိုင်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

            ထိုသို့ နေထိုင်စဉ် ကာလအတွင်း STF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံပြေး ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော် နှင့် နွေနွေ တို့ ၄ ဦးသည် ရန်ကုန်မြို့အတွင်း ရောက်ရှိ နေသော STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား Telegram မှတစ်ဆင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

            တရားခံ ကောင်းဇာနည်ဟိန်း(ခ)လပြည့်၏ ထွက်ဆိုချက်အရ တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်၏ ဓာတ်ပုံနှင့် အချက်အလက်များအား Telegram မှတစ်ဆင့်ပေးပို့၍ လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေခဲ့ပြီး မေလ ၂၈ ရက်တွင် Sig Sauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့်တို့အား တရားခံပြေး ဟေဇယ်မှ ပေးပို့ခဲ့ ကြောင်း  ဖော်ထုတ်သိရှိရသည်။

            ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့သည် ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော်အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် ၎င်းနေထိုင်သည့် တိုက်ခန်းအနီးသို့ နေ့စဉ်သွားရောက်၍ အခြေအနေ စောင့်ကြည့်ခဲ့ပြီး မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ကောင်းဇာနည်ဟိန်း (ခ)လပြည့် သည် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော် အား ၎င်း၏ နေအိမ်ရှေ့၌ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

            လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများအား မေလ ၃၁ ရက်တွင် တရားခံပြေး ယသော်၏ စီစဉ်ပေးမှုဖြင့် STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁ ဦးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ငွေကျပ် ၃ သိန်းအား Wave Pay မှတစ်ဆင့်ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

            အထက်ပါ ဖမ်းဆီးရမိတရားခံအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။