ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် -

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ဇွန် ၅ ရက်တွင် ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် တာဝန်ရှိသူ များသည် ဟားခါးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အား တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့ပြင် နယ်မြေခံဆေးတပ်ရင်း၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား ကြည့်ရှု အားပေးပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

ယနေ့တွင်လည်း ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရမ္မာဝတီခန်းမ၌ မုန်တိုင်းသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး မြို့ပေါ်ရပ်ကွက်(၁၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၄၆ အုပ်စုတို့မှ လူဦးရေ ၈၈၀၁ ဦးတို့အတွက် ထောက်ပံ့ငွေများပေးအပ်သည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်၌ အိမ်အမိုးသွပ်ရောက်ရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ ပျက်စီးခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများအား ပြန်လည်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခြင်းများနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားနေမှုများနှင့် စာသင်ဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်းများကို ပြန်လည်ပြုပြင်ရန်နှင့် ဆွမ်းကိစ္စများ အဆင်ပြေစေရန် အမိုး သွပ်များ၊ ဆွမ်းဆန်တော်များနှင့် နဝကမ္မအလှူငွေများအား ကျောင်းထိုင် ဆရာတော်များထံ သွားရောက် ဆက်ကပ်လှူဒါန်းသည်။

အလားတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော် သည် တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော ဆန်နှင့် ရိက္ခာများသည် မင်းဘာကြီးဆိပ်ခံတံတား သို့ရောက်ရှိလာသဖြင့် တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပေးနေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။