ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ် BNS SOMUDRA JOY (F-28) ပေါ်မှ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီးနောက် ပြန်လည်ထွက်ခွာ
နေပြည်တော်၊ ဇွန် - ၆
ရခိုင်ကမ်းရိုးတန်းဒေသသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ် ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရန် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိနေသော စစ်ရေယာဉ် BNS SOMUDRA JOY(F-28) ပေါ်မှ ကူညီ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးယာယီတာဝန်ခံ Mr. ASM Sayem မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းထံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးအပါအဝင် သံရုံးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးယာယီတာဝန်ခံက ကူညီကယ် ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှစစ်ရေယာဉ်တွင် ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများဖြစ်ကြသည့် ဆန်၊ ဆီ၊ ပဲ၊ သကြား၊ ဆား၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ရွက်ဖျင်တဲ၊ ဆေးဝါး ပစ္စည်းများနှင့် ရေသန့်ဆေးပြားစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန်(၁၂၀) ခန့်ဖြစ် ကြောင်းသိရသည်။ အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များအား တပ်မတော်(ရေ) စစ်ရေယာဉ်ဖြင့်တင်ဆောင်၍ စစ်တွေမြို့ မုန်တိုင်းဒဏ်သင့် ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း နှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
ထို့နောက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ် BNS SOMUDRA JOY (F-28) သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။