ညီညွတ်သော ငြိမ်းချမ်းသော သာယာလှပသော

ညီညွတ်သော ငြိမ်းချမ်းသော သာယာလှပသော

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၇ ရက်)

မြန်မာနိုင်ငံသည် သဘာဝသစ်တောများ၊ သဘာဝအားဖြင့်ဖြစ်ပေါ်နေကြသည့် ချောင်းမြောင်းများ၊ မြစ်များ၊ တောတောင်များ၊ သတ္တုတွင်းများ၊ အထူးသဖြင့် စေတီပုထိုးကျောင်းကန်ဘုရားများနှင့်လှပ သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လှပသောနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအနေဖြင့် နိုင်ငံတော်ကြီးလှပသကဲ့သို့ လှပသောစိတ်ဓာတ်များကို မွေးမြူကြရမည်ဖြစ် သည်။ လှပသောစိတ်ဓာတ်ကို မွေးမြူပွားများထားရှိနိုင်မှသာ မိမိတို့နေထိုင်သော နိုင်ငံတော်ကြီးကို ပိုမိုလှပအောင် ဖန်တီးတည်ဆောက်နိုင်ကြမည် ဖြစ်သည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တိုင်းပြည်ကိုချစ်သည့်စိတ်၊ တိုးတက်ကြီးပွားလိုသည့်စိတ်များ ရှိနေကြရမည်ဖြစ်သည်။ ထိုစိတ်များဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြမည်ဆိုပါက မြန်မာနိုင်ငံသည် သဘာဝအရ တည်ငြိမ်အေးချမ်း လှပနေ သကဲ့သို့ လူသားတို့၏ လှပသောစိတ်ကြောင့်လည်း လူမှုပတ်ဝန်းကျင်သည် အေးချမ်းပျော်ရွှင်ဖွယ်အတိ ဖြစ်နေပေလိမ့်မည်။ ၂၀၁၉ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူးနေ့တွင် သီတဂူဆရာတော်ဘုရားကြီးက နှစ်သစ်ကူးဆုတောင်း တရားဟောကြားခဲ့ပါသည်။ ထိုတရားတော်ကို အနှစ်ချုပ်ဖော်ပြပါသည်။

“ဂေါသိင်္ဂဥယျာဉ်ကြီးထဲမှာ အရှင်အနုရုဒ္ဓါရယ်၊ အရှင်နန္ဒိယရယ်၊ အရှင်ကိမိလရယ် ရဟန္တာကြီးသုံးပါးတို့ သီတင်းသုံးနေကြတုန်းက မြတ်စွာဘုရားကြွလာပြီးတော့ ဂေါသိင်္ဂဥယျာဉ်ကြီး သိပ်လှတယ်။ ပင်လုံး ကျွတ်ပွင့်နေကြတဲ့ အပွင့်တွေကလှနေကြတယ်။ ဒါပေမဲ့ ပိုလှတာကတော့ ငါ့ရဲ့တပည့်သား  သာဝက ကြီးသုံးပါးတို့ နေထိုင်ကြတဲ့အတွက်ကြောင့် ပိုလှတယ်လို့ထင်တယ်။ ဒီလောက်လှနေတဲ့ ဂေါသိင်္ဂ ဥယျာဉ်ကို ပိုပြီးတော့လှပအောင် သင်တို့ဘယ်လိုများ တန်ဆာဆင်ထားကြသလဲလို့မေးတော့ မထေရ်ကြီးသုံးပါးတို့က မြတ်စွာဘုရားကိုဖြေကြတယ်။ သာမဂ္ဂီစိတ်ထားနဲ့ တန်ဆာဆင်ထားကြတယ် ဘုရား။

သာမဂ္ဂီဆိုတာ ညီညွတ်ရေးပဲ၊ ခေတ်လိုပြောရင်တော့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးပဲ၊ လွတ်လပ်ရေးကို အရယူတုန်းက စည်းလုံးညီညွတ်ရေးနဲ့ အရယူခဲ့တာ။ ဒီလွတ်လပ်ရေးကို ထိန်းသိမ်းတဲ့ အခါမှာလည်း စည်းလုံးညီညွတ်ရေးနဲ့ပဲ ထိန်းသိမ်းကြရမယ်။ နိုင်ငံတော်ကိုလှပအောင် တည်ဆောက်တဲ့ နေရာမှာလည်းပဲ စည်းလုံးညီညွတ်ရေးနဲ့ တည်ဆောက်ရမှာ ဖြစ်တယ်ဆိုတာကို ကြားညှပ်ပြီးတော့ တို့များပြောလိုတယ်။

ဂေါသိင်္ဂဥယျာဉ်ကြီး ဘယ်လိုညီညွတ်ရေးနဲ့ တန်ဆာဆင် အလှပြင်ထားကြသလဲလို့ မြတ်စွာဘုရား မေးတော့- တပည့်တော်တို့တစ်တွေ ဂေါသိင်္ဂဥယျာဉ်ကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်သော မျက်လုံးအစုံတို့ဖြင့် ကြည့်၍လည်း နေကြတယ်ဘုရား။ ညီညွတ်သော စိတ်ဓာတ်ဆိုတာ နို့နဲ့ရေနဲ့ ရောသလို ရောနှောပြီးတော့ နေကြတယ်ဘုရား။ ရေနဲ့ရေချင်းရောရင် ပြန်ခွဲလို့မရသလိုပဲ နို့နဲ့ရေနဲ့ ရောရင်လည်း ပြန်ခွဲလို့မရဘူး။ ဆီနဲ့ရေနဲ့သာရောရင်တော့ ဘယ်ပုံးထဲ ဘယ်ခွက်ထဲပဲ ထည့်ထားထား ရောတယ်လို့ ပြောကြရုံပဲ။ ဆီတစ်ထပ် ရေတစ်ထပ်နေကြမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် တပည့်တော်တို့ ညီနောင်သုံးပါး ဂေါသိင်္ဂဥယျာဉ်ကြီးကို နို့နဲ့ရေနဲ့ရောသလို ညီညီညွတ် ညွတ် ရောရောနှောနှော ချစ်ချစ်ခင်ခင်ကွဲပြားခြင်းမရှိ ခိုက်ရန်ဖြစ်ခြင်းမရှိ အငြင်းပွားခြင်းမရှိဘဲနဲ့ ချစ်ခင်ညီညွတ်သော စိတ်ဓာတ်နဲ့ အလှပြင်တန်ဆာဆင်ထားကြတယ်ဘုရားလို့ လျှောက်တော့ မြတ်စွာ ဘုရားက သာဓုခေါ်တယ်။

နောက်ချစ်သားတို့တစ်တွေ ဂေါသိင်္ဂဥယျာဉ်ကြီးအလှပြင်ပုံကို ဆက်၍လျှောက်ကြဦးလော့လို့ပြောတော့ တပည့်တော်တို့တစ်တွေဟာ အလိုဆန္ဒစိတ်ဆန္ဒတွေကို လျှော့ထားပြီးတော့ အတူနေပုဂ္ဂိုလ်တို့ရဲ့ အလိုဆန္ဒပြည့်အောင် ဖြည့်စွက်၍ နေကြတယ်ဘုရားလို့ လျှောက်ကြတယ်။ ဥပမာ အရှင်အနုရုဒ္ဓါသည် သူ့စိတ်ကိုလျှော့ထားပြီးတော့  အရှင်နန္ဒိယနဲ့ အရှင်ကိမိလတို့  အလိုပြည့်အောင်နေပေးတယ်။ အရှင် နန္ဒိယကလည်း သူ့စိတ်ကိုလျှော့ထားပြီးတော့ အရှင်အနုရုဒ္ဓါနဲ့ အရှင်ကိမိလတို့ အလိုပြည့်အောင် နေထိုင်ပေးတယ်။ အရှင်ကိမိလကလည်း ထိုအတိုင်းပဲနေထိုင်တယ်။ ဒီလိုနဲ့သုံးပတ်လည်သွားတဲ့အခါမှာ လည်း သုံးပါးလုံး အားလုံးဟာ စိတ်ဆန္ဒတွေကိုလျှော့ချထားပြီးတော့ သုံးပါးလုံး အလိုပြည့်နေကြ တာတွေ့ရတယ်။

အဲဒီအခါမှာ မြတ်စွာဘုရားက သာဓု သာဓု သာဓုဟု သာဓုသုံးကြိမ်ခေါ်တော်မူတယ်။ ဒါဆိုလို့ရှိရင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟာ ရေမြေတောတောင်၊ ပင်လယ်သမုဒ္ဒရာ၊ စေတီပုထိုး ကျောင်းကန် ဘုရားတွေနဲ့လှပနေတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အလှပဆုံးစိတ်ဓာတ်ဟာ ဂေါသိင်္ဂဥယျာဉ်ကြီးထဲက မထေရ်ကြီးသုံးပါးတို့ရဲ့ ထုံးကိုနှလုံးမူ၍ သုံးကိုယ်တစ်စိတ်နဲ့ နေကြတယ်ဆိုသလိုပဲ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာ့သုံးဆယ်ကျော် မကွဲပြားဘဲညီညွတ်သော၊ ငြိမ်းချမ်းသော၊ သာယာလှပသော နိုင်ငံတော်ကြီးကို တပေါင်းတစည်းတည်း၊ တစည်းတလုံးတည်း တည်ထောင်မယ်ဆိုတဲ့ သုံးကိုယ် တစ်စိတ် ဂေါသိင်္ဂစိတ်ဓာတ်ကိုမွေးမြူပြီးတော့ နိုင်ငံတော်ကြီးကိုလှပအောင် တည်ဆောက်နိုင်ကြပါစေ” ဟူ၍ သီတဂူဆရာတော်ကြီး ဟောတော်မူပါသည်။ အနှစ်ချုပ်ဆိုရသော် မိမိတို့နေထိုင်သော နိုင်ငံတော် ကြီးမှာ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာလှပခြင်းတို့ ဖြစ်ပေါ်လာအောင် ဖော်ဆောင်ကြရန်ဖြစ် ပါကြောင်း ရေးသားလိုက်ရပေသည်။   ။