ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်  ဇွန်  ၆

    ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု  အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန   ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊  သင်တန်းသူများ တက်ရောက်ကြသည်။

 အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသည့်  နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊  ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနယ်ပယ်သည် ဘဏ္ဍာငွေရရှိမှု အရင်းအမြစ်များ တိုးမြင့်ရရှိအောင် ဆောင်ရွက်ရေး၊ အသုံးစရိတ်များ စနစ်တကျ ခွဲဝေရေး၊ ခွဲဝေပေးသော အသုံးစရိတ်များကို ထိရောက်စွာ အကျိုးရှိရှိသုံးစွဲနိုင်မှု ရှိ၊ မရှိ စောင့်ကြည့်သတ်မှတ်ရေး စသည့် အဆင့်အလိုက် လုပ်ငန်းစဉ်များစွာဖြင့် ကျယ်ပြန့်လှသည့်   နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး   စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အခြေခံသင်တန်း၊  အထူးကာလတို သင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းတို့ကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု  အထူးမွမ်းမံသင်တန်း လေးကြိမ်ဖွင့်လှစ်ခဲ့ပြီး ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း သင်တန်းသား ၁၄၇ ဦး  သင်ကြားပို့ချခဲ့ပြီး ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းကိုတက်ရောက်သည့် သင်တန်းသားများ အနေဖြင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်၊ အကြောင်းအရာများကို သေချာစွာလေ့လာပြီး  မိမိတို့၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွင် စနစ်တကျ အသုံးချကြရန်   တိုက်တွန်းပြောကြားသည်။

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅)တွင် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ   စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံညွှန်ကြားရေးမှူးအဆင့် အရာထမ်း၄၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။