ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက် များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေး နှင့် အဖွဲ့ဝင်များသည် ကျောက်ဖြူမြို့၊ ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကြည့်ရှုအားပေးပြီး စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း နှင့် တာဝန်ရှိသူများသည် လမ်းမ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးပြီး မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ ကို ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်များ၊ ဆွမ်းဆန်တော်များနှင့် နဝကမ္မ ငွေများအား ကျောင်းထိုင် ဆရာတော်များထံ သွားရောက်ဆက်ကပ်လှူဒါန်းသည်။

ထို့အပြင် ကုလားတန်(၃)သင်္ဘောဖြင့် ရောက်ရှိလာသော ဆန်များအား စားသုံးသူရေးရာဂိုဒေါင်သို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကုန်တင်/ ကုန်ချ လုပ်သားများဖြင့် သယ်ယူပို့ဆောင်နေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့အတူ တီးတိန်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် တာဝန်ရှိသူများသည် ပလက်ဝမြို့ အတွင်းရှိ ပျက်စီးသွားသော နေရာများသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တီးတိန်မြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ လေဘေးသင့်ကျေးရွာများရှိ ဒေသခံပြည်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။  

အလားတူ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ထောက်ပံ့ရေးပစ္စည်းများ လေဘေးသင့်ပြည်သူများထံသို့ အမြန်ရောက်ရှိရေးအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်း များ ဖြန့်ဖြူးရေးကော်မတီဝင်များအား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့အတွင်း မုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သော နေအိမ်များအား တည်ဆောက် ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယာယီတဲများအတွင်း နေထိုင်လျက်ရှိသော ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ လေဘေးကြောင့် ပြိုလဲပျက်စီး ခဲ့သော ကျောင်းတော်ကြီးအား ပြုပြင်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့သည်။

ထို့ပြင် ဇွန် ၆ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ပလက်ဝမြို့၊ ရွာမရပ် ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ လေဘေးသင့်ကျေးရွာ(၄၄)ရွာမှ ဒေသခံပြည်သူများ အား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ကုန်ပစ္စည်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှပေးအပ်သော Family Kit ၁၄၄ ပုံးတို့အား လေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။