နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး ဗန်းမော် ဆရာတော်ဘုရားက

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး ဗန်းမော် ဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်ပွဲ အခမ်းအနားကျင်းပ

မန္တလေး  ဇွန်  ၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နယုန်လဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ် မေ ၂၅ ရက် ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူ၍   ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ကြီးရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်တွင် ပူဇော်ထားရှိခဲ့ပြီး ဇွန် ၆ ရက်နေ့၌  အန္တိမဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနားကို ကျင်းပ၍ ရုပ်ကလာပ်တော်အား တေဇောဓာတ်ပူဇော်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တေဇောဓာတ်ပူဇော်သည့် နေရာသို့ ရောက်ရှိရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြု၍ ဆရာတော်သံဃာတော်များအား ဖူးမြော်ကြပြီးနောက်   တပည့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် လောင်တိုက်တော်ပေါ်သို့ တက်ရောက်ပြီး အခမ်းအနားမှူးက သရီရဓာတ်ပြာတော်များကို ဓာတုပဝါဟနပူဇာ သဘင်ဆင်ယင်ကျင်းပ ပူဇော်ခွင့်ပြုတော်မူရန်  အဘိယာစန  နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားကာ ကန်တော့လွှာဖြင့် နောက်ဆုံးတောင်းပန်ကန်တော့ခြင်းများ ဆောင်ရွက်ကြပြီးနောက် ကရဝိက်ဖောင်တော်ယာဉ်ဖြင့်   ရေမျှောပူဇော်သဘင်ကျင်းပမည့် မရမ်းခြံဆိပ်ကမ်းနေရာသို့ ပင့်ဆောင်ကြသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရ ဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှော  ပူဇော်သဘင် အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြု၍  ဆရာတော်သံဃာတော်များ ကြွရောက်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်   ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တပည့်၊ ဒါယကာ၊ ဒါယိကာမများ၊ ဆွေတော်မျိုးတော်များ၊  ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ဆက်လက်၍ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြု၍  ဆရာတော်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကရဝိက်ရွှေဖောင်တော် ရေယာဉ်ပေါ်သို့ ပင့်ဆောင်ကြသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်မည့် မင်းရဲလှဆိပ်ကမ်းအနီး မြစ်လယ်သို့ ပင့်ဆောင်ပူဇော်ကြစဉ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ    အမှူးပြု၍ ဆရာတော်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပည့် ဒါယကာ ဒါယိကာမများ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဝတ်ရွတ်အဖွဲ့များက ဆရာတော်ကြီး၏   ဂုဏ်ကျေးဇူးတော်ကို အာရုံရည်မှန်းပြီး ပစ္စယနိဒ္ဒေသ  (၂၄)ပစ္စည်း ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြသည်။

၎င်းင်းနောက် ရေမျှောပူဇော်မည့်နေရာသို့ ရောက်သည့်အခါ အခမ်းအနားမှူးက သရီရဓာတုပဝါ ဟနပူဇာအဖြစ် ဗန်းမော်ဆရာတော်ဘုရားကြီး၏  အရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်တော့မည် ဖြစ်ကြောင်း ကြေညာကာ အနိစ္စာ ဝတ သင်္ခါရာ အစချီသော သံဝေဂ သုံးဂါထာကို  ရွတ်ဆိုပွားများ၍ ပြည်ထောင်စု ဝန်ကြီး၊    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်ကြပြီးနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်ရာတွင်  ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊   တပည့်ဒါယကာ၊  ဒါယိကာမများက   ရွှေကိန္နရီ၊ ပွင့်ဖြူ၊ ပြဒါးပျံ၊ ပတိုင်း၊ ပိတောက် ရေယာဉ်များဖြင့်  ခြံရံလိုက်ပါပူဇော်ကြကြောင်းနှင့်  လမ်းကြောင်း တစ်လျှောက်တွင်လည်း ရဟန်းရှင်လူပြည်သူအပေါင်းတို့က မြစ်ကမ်းပေါ်မှ ဖူးမြော်ခဲ့ကြကြောင်း သတင်းရရှိသည်။