လွိုင်ကော်မြို့၌ တင်ဒါအောင်သောကုမ္ပဏီများ လုပ်ငန်းမိတ်ဆက်ရှင်းလင်းပွဲကျင်းပ

လွိုင်ကော်မြို့၌ တင်ဒါအောင်သောကုမ္ပဏီများ လုပ်ငန်းမိတ်ဆက်ရှင်းလင်းပွဲကျင်းပ

လွိုင်ကော်၊ လူမှုရေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင်သော ကုမ္ပဏီများ လုပ်ငန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ဇွန် ၅ ရက်နံနက်ပိုင်းတွင် အဆိုပါ ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်ချောစုက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လွိုင်ကော်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အိအိခင်က တင်ဒါအောင် ကုမ္ပဏီများအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ထားသည့် ကာလ အတွင်း  အပြီးဆောင်ရွက်ရန်မှာကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးနျားရယ် က ကျေးလက် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်   စံသတ်မှတ်ချက် များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ကုမ္ပဏီများမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

လွိုင်ကော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့ တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း ၁၃၅၁ ဒသမ ၃၁၈၄ သန်းဖြင့်  ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်း၊   ကျေးလက်ကုန်ထုတ်တံတား ၃၂ စင်းနှင့် ကျေးလက်ဒေသ သောက်သုံးရေရရှိရေး လုပ်ငန်းနှစ်ခုတို့ကို တင်ဒါအောင်မြင်သော ကုမ္ပဏီခုနစ်ခုနှင့် လုပ်ငန်း အပ်နှံစာချုပ်ချုပ်ဆို၍ ယခုနှစ် ဇွန်လအတွင်း စတင်အကောင်အထည် ဖော်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်