(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၊ ရေကူး အားကစားနည်း၊ အလေးမအားကစားနည်းနှင့် မျက်မမြင်စစ်တုရင်အားကစားနည်းတို့မှ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ထပ်မံဆွတ်ခူး

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၊ ရေကူး အားကစားနည်း၊ အလေးမအားကစားနည်းနှင့် မျက်မမြင်စစ်တုရင်အားကစားနည်းတို့မှ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ထပ်မံဆွတ်ခူး

ကမ္ဘောဒီးယား  ဇွန်  ၇

၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသည့်  (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီ တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အားကစားကွင်း၊ အားကစားရုံများ၌ကျင်းပရာ Morodok Techo National Stadium Complex ၌ကျင်းပလျက်ရှိသည့် ပြေးခုန် ပစ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်တင်ညိုသည် အမျိုးသားလှံတံပစ်(F63) ပြိုင်ပွဲနှင့် သံလုံးပစ်(F63) ပြိုင်ပွဲတို့တွင် ပထမ (ရွှေတံဆိပ်)ဆုတစ်ခုစီကိုလည်း ကောင်း၊ မောင်အောင်ဘုန်းမြတ်သည် အမျိုး သားသံလုံးပစ် (F46) ပြိုင်ပွဲတွင် ပထမ (ရွှေတံဆိပ်)ဆုနှင့် အမျိုးသားသံပြားပစ် (F46)ပြိုင်ပွဲတွင်  ဒုတိယ(ငွေတံဆိပ်)ဆု တစ်ခုစီကို လည်းကောင်း၊ အမျိုးသားမီတာ ၁၅၀၀ (T64) ပြိုင်ပွဲတွင် မောင်လင်းက ပထမ (ရွှေတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသား သံလုံးပစ် (F63) ပြိုင်ပွဲတွင် မောင်တင်ညို က ပထမ(ရွှေတံဆိပ်)ဆု ကိုလည်းကောင်း၊ အမျိုးသားသံပြားပစ်(F64) ပြိုင်ပွဲတွင် မောင်ရဲမင်းစိုးက ပထမ(ရွှေတံဆိပ်)ဆုကို လည်းကောင်း၊ အမျိုးသမီးလှံတံပစ် (F64) ပြိုင်ပွဲတွင် မစိန်ဖော့က ပထမ(ရွှေတံဆိပ်)ဆုကို လည်း ကောင်း၊ အမျိုးသမီးသံပြားပစ် (F55) ပြိုင်ပွဲတွင် မထက်ထက်အေးက ပထမ(ရွှေတံဆိပ်)ဆုကို လည်း ကောင်း၊ အမျိုးသားသံပြားပစ်(F64) ပြိုင်ပွဲတွင် မောင်ဟိန်း ထက်လှိုင်က တတိယ(ကြေးတံဆိပ်) ဆုကို လည်းကောင်း၊ အမျိုးသမီးမီတာ ၁၀၀ (T47)ပြိုင်ပွဲတွင် မနန္ဒာလင်းက တတိယ(ကြေးတံဆိပ်) ဆုကို လည်းကောင်း၊ အလေးမအား ကစားနည်းမှ အမျိုးသမီး ၈၆ ကီလိုတန်း (Total List)နှင့် (Best List) ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်က ဒုတိယ(ငွေတံဆိပ်) တစ်ခုစီကိုလည်းကောင်း၊ မျက်မမြင် စစ်တုရင် အားကစားနည်းမှ အမျိုးသားတစ်ဦးချင်း(လုံးဝမမြင်) ပုံမှန်ရွှေ့ပြိုင်ပွဲတွင် မောင်ကောင်းစံက တတိယ (ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား(တစ်စိတ်တစ်ဒေသ) မျက်မမြင် အသင်းလိုက် ပုံမှန်ရွှေ့ ပြိုင်ပွဲတွင် မောင်မောရှေ၊ မောင်လင်းထက်နောင်၊ မောင်လှမိုးတို့က တတိယ (ကြေးတံဆိပ်) ဆုကိုလည်း ကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

ဆက်လက်ပြီး Morodok Techo National Stadium Aquatic Centre ၌ ကျင်းပလျက်ရှိသည့် ရေကူး အားကစားနည်း မှ အမျိုးသားမီတာ ၂၀၀ လေးမျိုးကူးပြိုင်ပွဲတွင် မောင်အောင်မြင့်မြတ်က ဒုတိယ (ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ မောင်စိုးဝင်းသည် အမျိုးသားမီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်)နှင့် မီတာ ၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် တတိယ(ကြေး တံဆိပ်)ဆုတို့ကို လည်းကောင်း၊ အမျိုးသား မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် မောင်ကောင်းမြတ်ကျော်က တတိယ (ကြေးတံဆိပ်)ဆုကိုလည်းကောင်း  အသီးသီးဆွတ်ခူးရရှိခဲ့ကြ သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်း အနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင် စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ ဂိုးလ်ဘော၊ အလေးမ၊ ဘောလုံး၊ စားပွဲတင် တင်းနစ်၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် မြန်မာ နိုင်ငံမှ မသန်စွမ်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ခုနစ်ခု၊ ငွေတံဆိပ်ရှစ်ခုနှင့် ကြေးတံဆိပ်ကိုးခု ထပ်မံ ဆွတ်ခူး ရရှိခဲ့ကြသည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့ အထိ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၂၂ ခုနှင့် ကြေးတံဆိပ် ၁၈ ခု စုစုပေါင်းဆုတံဆိပ် ၅၄ ခု ဆွတ်ခူးရရှိထားပြီဖြစ်ကြောင်း သိရ သည်။

(သတင်းစဉ်)