တက္ကသိုလ် ဒီဂရီကောလိပ်များမှ ပညာရေးဝန်ထမ်းများ လစဉ် ငွေကျပ် ၁၀၀၀ ထည့်ဝင်ပါဝင်နိုင်မည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် စတင်ဆောင်ရွက်မည်

ရန်ကုန်၊ ကျန်းမာရေး

တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပညာရေးဝန်ထမ်းများ လစဉ်ငွေကျပ် ၁၀၀၀ ထည့်ဝင်ပါဝင်နိုင်မည့်  ကျန်းမာရေး စောင့်ရှောက်မှုစနစ် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် နိုင်ငံတကာ  ဆက်ဆံရေးပညာဌာနမှ ကထိကဦးလှိုင်တင့်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ကျန်းမာရေးပြဿနာများကို မိမိတို့အိမ်တွင်သာ ဖြေရှင်းခြင်းထက် သက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင်ကုသစောင့်ရှောက်ပေးသည့် အလေ့အထဖြစ်လာစေရန်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် လစဉ်ထည့်ဝင်ငွေအပြင် အထူးအစီအစဉ်တွင် ပါဝင်လိုပါကလည်း ငွေကျပ် ၁၀၀၀ ထပ်မံထည့်ဝင်ရမည်ဖြစ်ပြီး ယင်းအစီအစဉ်တွင် ပါဝင်သူများအနေဖြင့် COVID-19 ရောဂါကူးစက်ခံရ ပါက တစ်ရက်လျှင် ငွေကျပ် ၁၀၀၀၀ အပိုဆောင်းထပ်မံရရှိမည်ဖြစ်ကြောင်း၊ အထူးအစီအစဉ်တွင် ထည့်ဝင် ထားသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ မိသားစုဝင်များသည်လည်း ကျန်းမာရေးကြောင့် ဆေးရုံတက်ရပါက တစ်ရက်လျှင် ငွေကျပ် ၁၀၀၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ဒီစနစ်ကို ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ၄၈ ခုနဲ့ ပညာရေးဒီဂရီကောလိပ် ၂၅ ခုက ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေအတွက် အကောင်အထည်ဖော်ပေးမှာပါ။ လှည်းကူးပညာရေးကောလိပ်မှာ ဒီစနစ်ကျင့်သုံးဖို့ အောက်တိုဘာ ၂၃ ရက်က စတင်စာရင်း ကောက်ယူခဲ့ပါတယ်။ လစဉ် လဆန်း ၅ ရက်မတိုင်မီ သက်ဆိုင်ရာ ကျောင်းတွေရဲ့ တာဝန်ခံတွေဆီ ပေးသွင်းရမှာပါ။ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအတွက် ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်အောင် စီစဉ်ပေးခြင်း ဖြစ်ပါတယ်။ ထည့်ဝင်ကြေး သုံးလပျက်ကွက်ရင် အကူအညီပေးမှာမဟုတ်ပါဘူး” ဟု ဦးလှိုင်တင့်က ပြောသည်။

ထို့ပြင် ဆေးရုံတက်ရခြင်း၊ ခွဲစိတ်ကုသရခြင်းများရှိပါက ကျန်းမာရေးစောင့်ရှောက်မှုစရိတ်အနေဖြင့် ငွေကျပ် ၅၀၀၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။       

စိုးမိုး