ဆောင်းသီးနှံနှင့်မိုးစပါးစိုက်ခင်းများ ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး ဆွေးနွေး

ချောင်းဦး၊ စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အမြင့်စိုက်ပျိုး နည်းပညာ ပြန့်ပွား ရေးစင်တာနှင့် ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတို့ရှိ တာဝန်ခံနှင့် ကွင်းတာဝန်ခံ ဝန်ထမ်းများ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ရွှေဒါးကျကျေးရွာနှင့် ကျီကုန်းကျေးရွာတို့သို့ ကွင်းဆင်းပြီး ဆောင်းသီးနှံစိုက်ခင်းများနှင့် မိုးစပါးစိုက်ခင်းများ ပေါင်းမြက်ကင်းစင်ရန်၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရန်    ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် တောင်သူများအား နည်းပညာပေး ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် ရွှေဒါးကျကျေးရွာ မိုးစပါး စိုက်တောင်သူများ၊ CERP မိုးစပါးမျိုးစေ့ထုတ်တောင်သူ ဦးသောင်းညွန့်၊ ကျီကုန်းကျေးရွာ မိုးစပါးမျိုးစေ့ ထုတ်တောင်သူ ဦးဇော်မျိုးထွန်း၊ ကြောင်ဝပ်ကြီးကျေးရွာ မိုးစပါးမျိုးစေ့ ထုတ်တောင်သူ ဦးဝင်းကိုတို့နှင့် တွေ့ဆုံ၍ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး၊ ပေါင်းမြက်ကင်းစင်ရေး၊ စိုက်ခင်းများအတွင်း အကျိုးပြုမိတ်ဆွေပိုးများက စိုက်ကွင်းများ၌ ကျရောက်တတ် သည့် ရန်သူပိုးမွှားများကို တိုက်ဖျက်နိုင်မှုအခြေအနေနှင့် မိတ်ဆွေပိုး၊ ရန်သူပိုးများကို ဒေသခံတောင်သူများ ခွဲခြားသိရှိစေရန်ကိုလည်းကောင်း၊ ဓာတုဆေးအသုံးပြုမှုကို လျှော့ချ၍ မဖြစ်မနေသုံးစွဲရမည်ဆိုပါက ဆေး အညွှန်းစာအတိုင်း သုံးစွဲကြရန်၊ ဓာတုဆေးများ အလွန်အကျွံမသုံးစွဲကြရန်၊ ဆေးဘူးခွံများကို စနစ်တကျ စွန့်ပစ်ကြရန်၊ ကုန်ကျစရိတ်သက်သာပြီး သဘာဝပတ်ဝန်းကျင်၏ ဂေဟစနစ်ကို မပျက်စီးစေသည့် သဘာဝ ပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရန် လိုအပ်ချက်များကို လည်းကောင်း နည်းပညာပေးဆွေးနွေး ကြကြောင်း သိရသည်။

နိုင်ထွန်း