ကျောက်ဆည်မြို့နယ်ရှိ နနွင်းခင်းများကို စရန်ငွေပေး၍ ဝယ်ယူမှုများ ပြုလုပ်လာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်ရှိ နနွင်းခင်းများကို ကုန်သည်များ က ဈေးကွက်ပေါက်ဈေးအတိုင်း စရန်ငွေ ပေး၍ စတင်ဝယ်ယူမှု ပြုလုပ်လာကြောင်း  သိရသည်။

စက်တင်ဘာလလောက်က စိုက်ထားတဲ့ နနွင်းပင်တွေ လာမယ့်နှစ် မတ်၊ ဧပြီလ လောက်ဆိုရင်  တူးလို့ရပါပြီ။  နှစ်စဉ် အခုလိုအချိန်ဆိုရင် စိုက်ခင်းထဲ ကုန်သည်၊ ပွဲစားတွေ ကိုယ်တိုင်လာပြီး   စရန်ငွေကြို ပေးပါတယ်။  အခုလည်း  လာကြည့်ပြီး စရန်ငွေကြိုပေးကြတာပါ။  တစ်ဧကကို ငွေကျပ် သုံးသိန်းကနေ ငါးသိန်းလောက် စရန်ပေးပါတယ်}}  ဟု  ကျောက်ဆည်မြို့နယ်မှ  နနွင်းစိုက်တောင်သူ   ဦးမြတ်ခိုင်က ပြောသည်။

ကျောက်ဆည်မြို့နယ်မှထွက်ရှိသည့် နနွင်းမှာ  တခြားဒေသများမှထွက်ရှိသည့် နနွင်းထက် အသားပိုများကာ အနံ့အရသာ ကောင်းမွန်ခြင်းကြောင့် ကုန်သည်များနှင့် စားသုံးသူများက ကြိုက်နှစ်သက်ကြသည့် အတွက်  အနယ်နယ် အရပ်ရပ်သို့ ဖြန့်ဖြူး ကြမည့်ကုန်သည်များက အပင်ဖြစ်ထွန်းမှုအလိုက် ဈေးနှုန်းဆုံးဖြတ်ကြသည်။

လက်ရှိ ကျောက်ဆည်မြို့နယ် အရှေ့ ဘက်ခြမ်းဒေသများ၌  ဆည်ရေသောက် စနစ်ဖြင့်စိုက်ပျိုးသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဒေသ၌    ဆည်ရေသောက် စနစ်ဖြင့် ရာသီမရွေး သီးနှံများစိုက်ပျိုးနိုင် ပြီး စပါး၊ နှမ်း၊ ငရုတ်၊ ငှက်ပျော၊ ကွမ်းနှင့် နနွင်း စသည့်သီးနှံများ အဓိကစိုက်ပျိုးလျက် ရှိကြောင်း သိရသည်။ 

 သုသု(AMIA)