လောဘရှိသောသူ အလိမ်ခံရတတ်သည်

ထူးထူးဆန်းဆန်းသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး အလိမ်အညာခံရသူမှာ ပညာတတ်လူတန်းစားဟု ဆိုရမည့် ဆရာဝန်တစ်ဦး ဖြစ်သည်။ သူ့ကိုလိမ်ညာသွားသူက သာမန်လူတန်းစား ဖြစ်သည်။ အဖြစ်အပျက်က ရယ်မောချင်စရာ။ သတင်းအပြည့်အစုံမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း အွတ်တာပရာဒေ့ပြည်နယ်၌ ဆရာဝန်တစ်ဦးက အာလာဒင်မီးခွက်အတုကို ရူပီးခုနစ်သန်းဖြင့် ဝယ်ယူလိုက်သောသတင်း ဖြစ်ပေသည်။ ထိုဆရာဝန်ကို မျက်လှည့်ပြကာ အာလာဒင်မီးခွက်ကို ရောင်းချသွားသူနှစ်ဦးကိုလည်း ဖမ်းဆီးထားပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁ ရက်တွင်ပြောသည်။ အာလာဒင်မီးခွက်ဆိုသည်မှာ အာရပ်ပုံပြင်တစ်ပုဒ်တွင်ပါဝင်သောမီးခွက်ဖြစ်ပြီး ၎င်းင်းကိုပွတ်လိုက်ပါက မီးခွက်စောင့်နတ်သမီးထွက်လာကာ ပိုင်ရှင်၏ ဆန္ဒများကို ဖြည့်ဆည်းပေးသည် ဟူသောမီးခွက် ဖြစ်သည်။

အမျိုးသားနှစ်ဦးသည် ထိုဆရာဝန်ကို လိမ်လည်ရာတွင် အလားတူ မီးခွက်စောင့်နတ်သမီး ထွက်လာသည်ဟု ထင်ရစေရန် ပုံမှားရိုက်ပြီး မီးခွက်ကို ရောင်းချသွားခြင်း ဖြစ်သည်။ ထို့ပြင် ဆရာဝန်အနေဖြင့် ထိုမီးခွက်ကို ဆောင်ထားပါက ကျန်းမာရေးကောင်းမည့်အပြင် ချမ်းသာကြွယ်ဝပြီး အနာဂတ်ကောင်းများကို ပိုင်ဆိုင်ရမည်ဟု အဆိုပါအမျိုးသားများက ကတိပြုပြောဆိုထားသေးကြောင်း သိရသည်။ ဆရာဝန်က မီးခွက်ကိုဝယ်ကာ အိမ်သို့ပြန်ရောက်ပြီးနောက် စမ်းသပ်ကြည့်ရာ ထိုမီးခွက်က မည်သည့်အစွမ်းမျှမပြသည့်အတွက် ရဲတပ်ဖွဲ့ထံ လာရောက်အမှုဖွင့်ခြင်း ဖြစ်ကြောင်း သိရသည်။ လုပ်ကြံဇာတ်လမ်းထွင်ကာ အာလာဒင်မီးခွက် ရောင်းချသွားသူများ၏ လိမ်ညာမှုများကို ခံရသူအများအပြားရှိပြီ ဖြစ်သည်။ ၎င်းလိမ်လည်ထားသည့် ငွေစုစုပေါင်းမှာ ရူပီးသန်းပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း ရဲအရာရှိတစ်ဦးဖြစ်သည့် အမစ်ရိုင်းကပြောသည်။

အလကားရလျှင် လိုချင်သောဆန္ဒကြောင့် အလိမ်ခံလိုက်ရသူ အမျိုးသမီးတစ်ဦး၏ အဖြစ်သည်လည်း သင်ခန်းစာယူဖွယ်ဖြစ်သည်။ တယ်လီဖုန်းမဲပေါက်သည်ဟု လိမ်လည်ကာ ငွေများလိမ်လည်ထုတ်ယူမှု ဖြစ်ပွားသည်။ အောက်တိုဘာ ၂၅ ရက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးထံသို့ တယ်လီနော၏ဖုန်းဘေ ငွေကျပ်တစ်သိန်း ပေါက်သဖြင့် ငွေလွှဲပေးရန်ရှိကြောင်း ပြောခဲ့သည်။ Wave Money ဖြင့် လွှဲပေးရန် ငွေပမာဏများ သည့်အတွက် အမျိုးသမီးက သူမ၏ဘဏ်အကောင့်သို့ လွှဲပေးရန်ပြန်ကြားပြီး ငွေစာရင်းလျှို့ဝှက်နံပါတ်များ ပြောပြခဲ့သည်။ လိမ်လည်သူက ငွေမလွှဲသည့်အပြင် အဆိုပါ အမျိုးသမီး၏ ဘဏ်စုငွေကျပ် ၂၁၆၀၀၀၀ ကို လွှဲပြောင်းထုတ်ယူသွားခဲ့သည်။ အလကားရမည့် ငွေကျပ်တစ်သိန်းကို မက်မောလိုက်သည့်အတွက် မိမိ၏ချွေးနှဲစာဖြင့် စုဆောင်းထားသော ငွေကျပ်နှစ်ဆယ့်တစ်သိန်းကျော် ဆုံးရှုံးလိုက်ရသည်။

လိမ်သူက လိမ်နေသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဖော်ထုတ်ဖမ်းဆီးနေသည်။ လိမ်လည်မှုတွေကလည်း လျော့နည်းသွားခြင်း မရှိ။ တချို့သောဗဟုသုတနှင့် ပြည့်စုံပြီး စာများများ ဖတ်ထားသူများအဖို့မူ မိမိကို လိမ်လည်နေမှန်းသိကြသည်။ တရားခံကို မရရအောင် ဖမ်းနိုင်သည်။ ထိုသို့ဖမ်းနိုင်သည့်အခါ ကြားရသူအပေါင်းမှာ စိတ်ချမ်းသာသည်။ ငွေအစစ်နှင့်အတုကို ခြောက်ဆနှုန်းဖြင့် လဲပေးမည်ဟု လူမှုကွန်ရက်မှ လိမ်လည်သူနှစ်ဦးကို ဖမ်းဆီးရမိဟူသော သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်  မကျီးကုန်းကျေးရွာ၌ အောက်တိုဘာ ၂၅ ရက်တွင် ငွေအစစ်နှင့်အတုကို   ခြောက်ဆနှုန်းဖြင့် လဲပေးမည်ဟု လူမှုကွန်ရက်မှ လိမ်လည်သူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆက်သွယ်ကာ ၎င်းင်းထံပေးပို့သည့်ဖုန်းနံပါတ်အတိုင်း ငွေလွှဲပေးခဲ့သည်။ ထို့နောက် ဖုန်းနံပါတ်၏ တည်နေရာနှင့် လိမ်လည်သူ ထုတ်ယူခဲ့သည့် Wave Money ဆိုင်တည်နေရာကို စုံစမ်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မည်သူမဆို စဉ်းစားပါ၊ တွေးတောပါ၊ ဆုံးဖြတ်ပါ။ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား သုံးသပ်ပါ။

လိမ်လည်မှုများဆိုသည်မှာ ခေတ်အဆက်ဆက်ရှိနေသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက နေအေး၏ လိမ်နည်းများဟူ၍ စာတစ်စောင်ပေတစ်ဖွဲ့နှင့် ရုပ်ရှင်ဇာတ်လမ်းပင်ရှိခဲ့ဖူးသည်။ အသိပညာပေးဇာတ်လမ်းကောင်းအဖြစ် လူကြိုက်များခဲ့သည်။ ပညာတတ်ဆရာဝန်သည်ပင် လောဘကြောင့် အလိမ်ခံခဲ့ရသည်။ မိမိတို့စိတ်သဏ္ဌာန်တွင် လောဘများ လွှမ်းမိုးလာပြီ ဆိုပါက သင်အလိမ်ခံရတော့မည်မှာ သေချာနေသည်။ သို့ဖြစ်ပါ၍ လောဘကို လျှော့ချလိုက်ပါ။ အလိမ်ခံခြင်းမှ ကင်းဝေးမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။