တပ်မတော်မှ COVID-19 ရောဂါဖြင့် ကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်များ၌ ရောဂါ သက်သာပျောက်ကင်းလာပြီး ရောဂါပိုးကင်းစင်

နေပြည်တော်၊ သြဂုတ် - ၁၀

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသည့် မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ၊ စစ်သည်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အသွားအလာ ကန့်သတ် သီးခြားစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါစစ်သည် များအနက် အရာရှိ၊ စစ်သည် ၁၆ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)၌ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းကို ဇွန် ၁ ရက်၊ ဇွန် ၉ ရက်၊ ဇွန် ၂၇ ရက်၊ ဇွန် ၂၈ ရက်၊ ဇူလိုင် ၃ ရက်၊ ဇူလိုင် ၄ ရက်နှင့် ၁၁ ရက်တို့တွင် သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)တွင် ဆေးမှူးပါရဂူများ၊ သူနာပြုများဖြင့် သီးခြားစောင့်ကြပ်ကြည့်ရှုကာ ဆေးဝါးကုသမှုများ ဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါ ကုသမှုလုပ်ငန်း လမ်းညွန်ချက်များအတိုင်း ရောဂါပိုးတွေ့ရှိရသော အတည်ပြု ကာလရက်မှ ပြန်လည်စစ်ဆေးရမည့် ရက်များတွင် ၎င်းအရာရှိ၊ စစ်သည်များ၏ နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်တို့အား ရယူ၍ Polymerase Chain Reaction(PCR)  နည်းဖြင့် ထပ်မံဓာတ်ခွဲ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နှစ်ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိရသဖြင့် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှတစ်ဆင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ အသီးသီး တင်ပြခဲ့ပြီး COVID-19 ရောဂါပိုး ကင်းစင်လာသူများအဖြစ် သတ်မှတ်ခဲ့သည်။

COVID-19 ရောဂါပိုးကင်းစင်သွားသည့် အရာရှိ၊ စစ်သည်များကို Hospital Quarantine ထပ်မံထားရှိခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ၃ ဦး၊ ဇူလိုင် ၂၄ ရက်တွင် ၂ ဦး၊ ဇူလိုင် ၂၉ ရက်တွင် ၆ ဦး၊ သြဂုတ် ၄ ရက်တွင် ၂ ဦးနှင့် သြဂုတ် ၇ ရက်တွင် ၃ ဦး၊ စုစုပေါင်း ၁၆ ဦး တို့ကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာများ၌ အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု စစ်ဆေးလျက် ရှိကြောင်းနှင့် တပ်မတော်အတွင်း  COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။