ကြက်သွန်နီစိုက်ပျိုးနေသော တောင်သူများအား နည်းပညာပေးကွင်းဆင်းဆောင်ရွက်

မုံရွာ၊ စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အမာကြည်နှင့် ဝန်ထမ်း များက မုံရွာမြို့နယ်အတွင်းရှိ သာစည်၊ ကိုးပင်၊ တဲကြီးကုန်း၊ ကျောက်စစ်ပုံကျေးရွာတို့တွင် ဆောင်းသီး နှံကြက်သွန်နီ စိုက်ပျိုးထားသော တောင်သူများ ဓာတုဆေးများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်မြောက်ရေးအတွက် နိုဝင်ဘာ  ၃ ရက် နံနက်ပိုင်းတွင် နည်းပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းအဖွဲ့သည် ကြက်သွန်နီ ပျိုးထောင်ထားရှိသည့် စိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး တောင်သူများ ဓာတုဆေးအသုံးပြုရာတွင် စနစ်တကျကိုင်တွယ် အသုံးပြု နိုင်ရန်နှင့် ဓာတုဆေးများကို လိုအပ်မှသာ အသုံးပြုရန်၊ သဘာဝဆေးများ အစားထိုးအသုံးပြုနိုင်ရေး  ဆွေးနွေးသည်။

ယင်းနောက် စိုက်ပျိုးနေသော စိုက်ခင်းများတွင် ဓာတုဓာတ်မြေသြဇာများ  အချိန်ကိုက်အချိုးကျ အသုံးပြုနိုင် ရေး၊ သဘာဝမြေသြဇာဘိုကာရှီ၊ စူပါဘိုကာရှီနှင့် သဘာဝဆေး ပြုလုပ်အသုံးပြုနည်းများ ဆွေးနွေးပြီး  တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် လိပ်စာကတ်များ ပေးဝေပြီး သဘာဝမြေသြဇာ၊ သဘာဝဆေးပြုလုပ်သုံးစွဲ နည်းလက်ကမ်းစာစောင်များ ပေးဝေကြသည်။

မုံရွာမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် မိုးစပါး ၁၈၅၃ ဧက၊ ပဲမျိုးစုံ  ၂၉၂၈၅ ဧက၊ ဆီထွက်သီးနှံ ၁၃၉၆၅ ဧက၊ ဝါမျိုးစုံ ၁၄၄၁၆ ဧက၊ စားဖိုဆောင်သီးနှံ ၇၅ ဧက၊ အခြားသီးနှံ ၃၀၆၉၂ ဧက၊ နှစ်ရှည်သီးနှံ ၁၀၅၆၆ ဧက စုစုပေါင်း  ၁၀၀၈၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။                      

(၄၀၉)