အမေရိကန်က စစ်အေးတိုက်ပွဲအသစ်ကို မဖန်တီးကြောင်း ဘလင်ကန်က ရှီကျင့်ဖျင်ကိုပြော

အမေရိကန်က စစ်အေးတိုက်ပွဲအသစ်ကို မဖန်တီးကြောင်း ဘလင်ကန်က ရှီကျင့်ဖျင်ကိုပြော

အမေရိကန်နိုင်ငံအနေဖြင့်    စစ်အေးတိုက်ပွဲအသစ်ကို ဖန်တီးနေခြင်း မရှိကြောင်းနှင့်   တရုတ်၏ အုပ်ချုပ်မှုစနစ်ကိုလည်း ပြောင်းလဲရန် ဆန္ဒမရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ်ပြောသည်။

တရုတ်နိုင်ငံသို့ရောက်ရှိနေသော အန်တိုနီဘလင်ကန်သည် ဇွန် ၁၉ ရက်တွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ဘာလီမြို့၌ကျင်းပသော ဂျီ-၂၀ ထိပ်သီး အစည်းအဝေးအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ  ချမှတ်ခဲ့သည့် အစီအစဉ်ကို   ပြန်လည်လိုက်နာမည်ဟု ကတိပြုသည်။

ထို့ပြင် အမေရိကန်အစိုးရသည် သမ္မတဂျိုးဘိုင်ဒင်၏ ကတိပြုချက်များဖြစ်သော စစ်အေးတိုက်ပွဲအသစ်ကို  မဖန်တီးရေး၊ တရုတ်အစိုးရ၏   အုပ်ချုပ်မှုစနစ်ကို မပြောင်းလဲရေး၊ တရုတ်၏မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရန် လုပ်ဆောင်မှုများကို   ဟန့်တားမှုမရှိဆိုသည့် အချက်များအတိုင်း လိုက်နာသွားမည် ဖြစ်ကြောင်း အန်တိုနီဘလင်ကန်ကပြောသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ အမေရိကန်သည် တရုတ်(တိုင်ပေ)၏လွတ်လပ်ရေးကို ထောက်ခံအားပေးခြင်းမရှိကြောင်း၊ တရုတ်နိုင်ငံနှင့်ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှားရန် စီစဉ်ထားကြောင်း၊ သို့သော် ထိုင်ဝမ်ရေလက်ကြားအတွင်း တရုတ်အစိုးရ၏လုပ်ဆောင်ချက်များအပေါ် စိုးရိမ်ပူပန်ကြောင်း အန်တိုနီဘလင်ကန်က ဆက်ပြောသည်။

ထို့အတူ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ အဓိကကျသော အခန်းကဏ္ဍကို ကြိုဆိုသွားမည်ဟု အမေရိကန်က ကတိပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ထို့နောက် တရုတ်သမ္မတရှီကျင့်ဖျင်က လူသားတို့၏အနာဂတ်နှင့်ကံကြမ္မာတို့သည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် မှန်ကန်သောလမ်းကြောင်းရှာဖွေမှုအပေါ် မူတည်နေကြောင်း ပြောသည်။

နှစ်နိုင်ငံစလုံး၏ဘုံအကျိုးစီးပွားများကို တန်ဖိုးထားသင့်ကြောင်း၊  နှစ်နိုင်ငံအနက်တစ်နိုင်ငံ၏ အောင်မြင်မှုသည်ပင်လျှင် အခြားတစ်နိုင်ငံအတွက် ခြိမ်းခြောက်မှုမဟုတ်ဘဲ အခွင့်အလမ်းဖြစ်ကြောင်း  ရှီကျင့်ဖျင်က ဆက်ပြောသည်။

ထို့အတွက်ကြောင့်   တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏  အကျိုးစီးပွားများကို လေးစားကြောင်း၊ ထိုအကျိုးစီးပွားများကို စိန်ခေါ်ခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းတို့   လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ရှီကျင့်ဖျင်က   အလေးပေးပြောသည်ဟု သိရသည်။

လက်ရှိအချိန်တွင်  ကမ္ဘာ့အသိုင်းအဝိုင်းက တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြားရှိ ဆက်ဆံရေးအခြေအနေကို စိုးရိမ်နေကြောင်း၊ ထိုနှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံမည်ကို မလိုလားကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊

ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကိုမျှော်လင့်နေကြောင်း   ရှီကျင့်ဖျင်က ပြောထားသည်။         

Ref: Sputnik