တိုက်တန်းနစ်သင်္ဘောစူးစမ်းလေ့လာရေး ရေငုပ်သင်္ဘောပျောက်ဆုံးမှုကို အပူတပြင်းရှာဖွေနေ

တိုက်တန်းနစ်သင်္ဘောစူးစမ်းလေ့လာရေး ရေငုပ်သင်္ဘောပျောက်ဆုံးမှုကို အပူတပြင်းရှာဖွေနေ

တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ရာနေရာသို့ သွားရောက်ကာ  စူးစမ်းလေ့လာရေး လုပ်နေသည့် ရေငုပ်သင်္ဘောပျောက်ဆုံးမှုကို  တာဝန်ရှိသူများက  လေယာဉ်များ၊ ရေယာဉ်များအသုံးပြုကာ အပူတပြင်းရှာဖွေနေကြောင်း သိရသည်။

အဆိုပါ ရေငုပ်သင်္ဘောသည်  စူးစမ်းလေ့လာရေးခရီးသွားများကို တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ရာနေရာသို့ လိုက်ပို့စဉ် ဇွန်  ၁၈  ရက်တွင်   အဆက်အသွယ် ပြတ်တောက်ကာ  ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ယခုအခါ ထိုရေငုပ်သင်္ဘောကို အမေရိကန်နှင့် ကနေဒါကမ်းခြေစောင့်တပ်ဖွဲ့များက  ရှာဖွေနေခြင်း ဖြစ်ကြောင်း၊  ထိုရေငုပ်သင်္ဘောတွင် ခရီးသည်လေးဦးနှင့် တာဝန်ရှိသူတစ်ဦး စုစုပေါင်းငါးဦး လိုက်ပါသွားကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။

တိုင်တန်အမည်ရှိ ထိုရေငုပ်သင်္ဘောသည် ရေအောက်တွင် ၉၆ နာရီကြာ ငုပ်လျှိုးနေနိုင်စွမ်း ရှိသော်လည်း ယခုအထိ အဆက်အသွယ် မရရှိသေးသောကြောင့် ရှာဖွေရေးလုပ်ငန်းများကို  လုပ်ဆောင်နေရခြင်း ဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေး သင်္ဘောများနှင့် လေယာဉ်များက  ကော့အငူမှအရှေ့ဘက် ကီလိုမီတာ  ၁၄၅၀  အကွာရှိနေရာတွင် ရေအောက်အနက်  ၃၉၆၂  မီတာအထိ စောင့်ကြည့်နိုင်သည့် ဆိုနာများချ၍ ရှာဖွေနေခြင်း ဖြစ်ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်မော်ဂါက သတင်းထောက်များကို ပြောသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်နေရသောနေရာသည် ဝေးလံခေါင်ဖျားသော နေရာဖြစ်သောကြောင့် စိန်ခေါ်မှုများစွာ ရှိသည်ဟု ၎င်းကဆက်ပြောသည်။

အိုးရှင်းဂိတ်အမည်ရှိ  စူးစမ်းလေ့လာရေးကုမ္ပဏီက ပိုင်ဆိုင်သော အဆိုပါရေငုပ်သင်္ဘောတွင် ဘီလီယံနာသူဌေး အချို့လည်း လိုက်ပါသွားပြီး ထိုခရီးစဉ်အတွက် လူတစ်ဦးလျှင် ဒေါ်လာနှစ်သိန်းခွဲ ကျသင့်ကြောင်း သိရသည်။     

    Ref: Bangkok Post