သတိပြုရမည့်အစာအိမ်ရောဂါ

ရောဂါမှန်သမျှ အစာမကြေခြင်းကစသည် ဟူသော စကားအတိုင်း သွေးတိုး၊ နှလုံး၊ ဆီးချို၊ကျောက်ကပ်၊   အသည်းအဆီဖုံး စသောရောဂါမှန်သမျှ၏ မူလဇာစ်မြစ်မှာ အစာမကြေခြင်းကစသည်ဟု ဆိုနိုင်ပါသည်။

အစာမကြေခြင်းမှအစပြု၍   အစာအိမ်ရောင်ရောဂါ၊ အစာအိမ်မှအထွက် အူသိမ်ဦးပိုင်းရောင်သောရောဂါ၊ ထိုမှဆက်၍ အူရောင်ရောဂါများပါ ဖြစ်လာနိုင်သည်။ ထို့ကြောင့် အစာမကြေရောဂါပဲ အရေးမကြီးပါ။ ခဏကြာရင်ပျောက်သွားမှာပဲဟု မတွေးသင့်ပါ။

အစာအိမ်သည် လူ့အသက်ရှင်ရေးအတွက် အာဟာရထောက်ပံ့မှုပေးမည့် စက်ရုံကြီးတစ်ခုဖြစ်ပါသည်။

အစာအိမ်ရောဂါဆိုရာတွင်  အစာမကြေရောဂါ၊ အစာခြေရည်အထွက်နည်းသောရောဂါ၊ အစာခြေရည် လိုအပ်သည်ထက်  ပိုထွက်နေသည့်    အစာအိမ်ကို ပြန်လောင်စေသည့်ရောဂါ၊ အစာအိမ်ရောင်ရောဂါ၊ အစာအိမ်အနာရောဂါ၊ အစာအိမ် သွေးယိုရောဂါ စသည်ဖြင့် အစာအိမ်ရောဂါ အမျိုးအစားများစွာ ရှိပါသည်။

မြို့ကြီးပြကြီးများတွင် အဖြစ်များသော ရောဂါ

အစာအိမ်ရောဂါသည် နယ်မြို့ကျေးလက်တောရွာများထက် မြို့ကြီးပြကြီးများတွင်   ပို၍အဖြစ်များသည်။အချိန်ကိုလုပြီး သွားလည်းသုတ်သုတ်စားလည်း သုတ်သုတ် အစားတစ်လုတ်ကို အချိန်ပေးပြီး ကြေညက်အောင် ဝါးမစားနိုင်သည့် သူများတွင်  ပို၍အဖြစ်များသည်။ အစာစားခြင်းသည် အစာတွင်စိတ်နှစ်ပြီး အရသာခံ ကြေညက်အောင်ဝါးစားမှသာ အစာကြေနိုင်သည်။

အချိန်မရသဖြင့် ဖြစ်သလိုစားပြီး စားသည့် အာဟာရအပေါ်တွင် ခံတွင်းမတွေ့လျှင် အစာမကြေနိုင်ပေ။

အာဟာရသုတေသီများ၏အဆိုအရ ပါးစပ်အပြည့်ထမင်းတစ်လုတ်ကို ဆယ်ကြိမ်ဝါးစားရမည်ဟု အဆိုရှိသည်။ ဆယ်ကြိမ်ဝါးမှ အစာကြေနိုင်သည်ဟု ဆိုသည်။

အချို့သူများသည် အစာကို နှစ်ကြိမ်၊ သုံးကြိမ်မျှဝါးပြီး မျိုချသည်။ နောက်ထပ်အစာထပ်ထည့်သည်။ ဝါးစားသည်ထက် မျိုချသည်ကပိုများနေသည်။ မြန်မြန်စားသည်။   စကားပြောရင်းစားသည်။  စာဖတ်ရင်းစားသည်။ ယခုခေတ်တွင် ဖုန်းကြည့်ရင်း၊ fb ကြည့်ရင်းထမင်းစားသည်။ အစာတွင်အာရုံမရောက်၊ ဖြစ်သလိုနှင့်မျိုချပြီး အစာအိမ်ထဲ ရောက်သွားသည်။ ကြေညက်အောင် ဝါးမထားသောအစာကို  အစာအိမ်က အစာခြေရည်နှစ်ဆထုတ်ပြီးခြေရသည်။ အချိန်လည်း ပိုကြာသည်။ နာရီဝက်နှင့်ကြေရမည့် အစာသည် အစာအိမ်တွင် တစ်နာရီခွဲခန့်အထိ ကြာနေတတ်သည်။

ရင်တောင့်နောက်ကြောတက်ရောဂါ

အစာအိမ်တွင်ကောင်းစွာ ဝါးမစားသဖြင့် မကြေညက်သောအစာများ  ရောက်ရှိသည့်အခါ အချိန်ကြာကြာ အစာခြေရသည်။ မကြေညက်သော အစာကို အစာအိမ်မှတစ်ဆင့်   ထွက်ပေါက်ကျဉ်းဖြစ်သည့် အူသိမ်ဦးပိုင်းသို့မပို့ပေ။ အကယ်၍ အူသိမ်ဦးပိုင်း ပိတ်သွားလျှင် အူသိမ်ရောင်ရောဂါဖြစ်ပြီး မခံမရပ်နိုင်အောင်  ဝမ်းဗိုက်ရင်ညွန့်မှ စူးပြီး အောင့်လာတတ်သည်။ အချို့က ရင်ညွန့်တွင် မီးခဲကလေးထည့်ထားသကဲ့သို့ ပူပြီးအောင့်သည်ဟု ပြောကြသည်။

မကြေသောအစာများ အစာအိမ်မှ အူသိမ်ဦးပိုင်းသို့ ရောက်သောအခါ   ရင်တောင့်ပြီးနောက် ကျောဘက်လက်ပြင် နှစ်ခုကြားတွင် ထိုးအောင့်လာတတ်သည်။အချို့က နောက်ကြောတက်သည်ဟု ထင်သည်။ အမှန်မှာ အစာမကြေ ခြင်းကြောင့်ဖြစ်သော  နောက်ကြောတက်ရောဂါဖြစ်သည်။ အစာအိမ်နှင့် နောက်ကျောလက်ပြင် နှစ်ခုကြားသို့   ဆက်သွယ်နေသော အာရုံကြောများရှိသည်။    အစာအိမ်တွင်ပိတ်ဆို့ခြင်း၊ ရောင်ခြင်း၊ အစာမကြေခြင်း ဖြစ်သည့်အခါ အာရုံကြောများက တောင့်တင်းလာသည်။ နောက်ကြောတက်ခြင်းသည် အစာမကြေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ကို သတိပြုဖို့လိုသည်။

ယခုခေတ်တွင် ဆယ်ကျော်သက်လူငယ်ကလေးများတွင်ပင်   လူကြီးများကဲ့သို့  နောက်ကြောတက် ရောဂါဖြစ်နေသည်ကို တွေ့ရှိရသည်။ လူငယ်အများစုသည် လက်ကိုင်ဖုန်းကို မပျက်ကြည့်ရင်း အချိန်ဖြုန်းလေ့ရှိကြသည်။ အစာစားရင်း တစ်ဖက်က ဖုန်းကြည့်နေသော ကလေးသူငယ်များကို နေရာတိုင်းတွင်တွေ့နေရသည်။ အချို့က ဇာတ်လမ်းကြည့်သည်။ အချို့က ဖုန်းဖြင့်ဂိမ်းကစားရင်း တစ်ဖက်ကအစားကို ဖြစ်သလို စားနေသည်ကို နေရာတိုင်းတွင် တွေ့ရှိနေရသည်။

အစာကြေပုံအဆင့်ဆင့်

အစာစားပြီဆိုလျှင် ခံတွင်းသို့အရင်ရောက်သည်။အစာကြေခြင်း၏ ဦးစွာအစမှာ တံတွေးခေါ်ခံတွင်းမှ ထွက်သည့် အရည်ကြည်ဖြစ်သည်။ ဝါးစားသောအစာကို ခံတွင်းမှထွက်သည့် တံတွေးရည်ဖြင့် ရောပြီး အစာကို နှူးပေးသည်။ ကြာကြာဝါးလေတံတွေးရည် (သွားရည်) ထွက်လေဖြစ်သည်။ ထိုအရည်ဖြင့် အစာကို နှူးပေးလိုက်သောအခါ အစာအိမ်ရောက်လျှင် အစာခြေရလွယ်ကူသွားသည်။

အနောက်တိုင်းဆေးပညာအရ   အစာအိမ်တွင် စိမ့်ထွက်နေသော ဟိုက်ဒရိုကလိုရစ်အက်စစ် (HCL) သည် အစာခြေပေးသည့်  အက်စစ်အပျော့စားဖြစ်သည်။ အစာကြေအောင်ဝါးထားလျှင် အစာပျော့ဖြစ်လျှင်  ခြေရချိန် သိပ်မကြာဘဲ အစာကြေသွားနိုင်သည်။ ကြေအောင်ဝါးမထားသော အစာ၊ မာကျောသောအစာ၊ ကောက်ညှင်း၊ ဆန်ဆေးများဖြစ်လျှင် အချိန်ကြာကြာအစာခြေရသည်။ အစာအိမ်မှနယ်ဖတ်ပြီး  ခြေပြီးအစာများ  အူသိမ်ဦးပိုင်းသို့ ရောက်သောအခါတွင် အစာခြေရည်အကူအဖြစ် သည်းခြေအိတ်မှထွက်သော   သည်းခြေရည်နှင့် မုန့်ချိုအိတ်ခေါ် ပန်ကရိယမှထွက်သော ပန်ကရိယစစ်ထုတ်ရည်တို့ ပေါင်းပြီး ပြွန်ငယ်တစ်ခုနှင့် ရောက်ရှိကာ အစာခြေပေးကြသည်။   သည်းခြေရည်သည် အစာကြေစေသည့်အပြင် ဝမ်းကိုအရောင်ဆိုးပေးသည်။ ကျန်းမာသော သူ၏ဝမ်းအဝါရောင်မှာ သည်းခြေရည်အားကောင်းသောကြောင့်ဖြစ်သည်။ ပန်ကရိယစစ်ထုတ်ရည်သည် ဆီးချိုမဖြစ်စေရန် အချိုဓာတ်များကို ခွဲခြားပေးသည့် အရည်မျိုးဖြစ်သည်။ အူသေးနှင့်အူမကြီးတို့သို့ ရောက်ရှိမှသာ အာဟာရကို ခန္ဓာကိုယ်ကစုပ်ယူသည်။ အစာကြေလျှင် အာဟာရစုပ်ယူမှုလွယ်ကူပြီး အစာမကြေလျှင် အူမကြီးတွင်အချိန်ကြာပြီး ဝမ်း၊ ရင်တောင့်ခြင်း၊ စမြင်းခံခြင်း၊ ဝမ်းချုပ်ခြင်းများ ဖြစ်နိုင်သည်။

တိုင်းရင်းနည်းဖြင့် အစာကြေပုံအဆင့်ဆင့်

အစာကြေရန်အတွက်  တိုင်းရင်းဆေးပညာတွင် ဝမ်းမီးသည် အဓိကဖြစ်သည်။ ဝမ်းမီးအားကောင်းလျှင် အစာခြေ အားကောင်းသည်။ ဝမ်းမီးမကောင်းလျှင်၊ ဝမ်းမီးပျက်လျှင်  အစာမကြေသည်သာမက နောက်ဆက်တွဲရောဂါ အမျိုးမျိုးဝင်လာနိုင်သည်။

ဝမ်းမီးငါးမျိုးရှိသည်။

၁။        မန္ဒဝမ်းမီး         အားပျော့သောဝမ်းမီး(အစာမကြေ)

၂။         တိက္ခဝမ်းမီး     ထက်သောဝမ်းမီး(အစာကြေလွန်)

၃။        သမဝမ်းမီး       မျှတသောဝမ်းမီး (အစာကြေ)

ဤသုံးမျိုးမှာ လူတို့တွင် အခြေအနေအချိန်အခါ အသက်အရွယ်ကိုလိုက်၍ အစာအိမ်တွင် မကြာခဏ ပြောင်းလဲ ဖြစ်ပေါ်တတ်သော ဝမ်းမီးများဖြစ်သည်။

၄။        ဝိသမဝမ်းမီး     ပျက်စီးနေသောဝမ်းမီး (အစာအိမ်ရောဂါရှိ)

၅။        ဘဿမဝမ်းမီး ပြာကျအောင် လောင်သောဝမ်းမီး(အစာအိမ်အနာဖြစ်သွေးယို)

ဆေးကျမ်းများအဆိုအရ ()နှင့်()ပါ ဝမ်းမီးနှစ်မျိုးမှာ အစာအိမ်ရောင်ရောဂါ၊ အစာအိမ်တွင် သွေးယိုရောဂါ၊ အစာအိမ်အနာပေါက်ရောဂါ၊ ထိုထက်အဆင့်မြင့်လျှင်    အလုံးအခဲဖြစ်၍  အစာသက်ဆင်းရာ လမ်းကြောင်းပိတ်သည့် အစာအိမ်ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါသည်။

အာယုဗေဒဆေးပညာအရ ဝမ်းမီးသည်လူ့အသက်ရှင်ရေးအတွက် အလွန်အရေးကြီးသည်။ လူမသေဘဲ ဝမ်းမီးမငြိမ်းစေရ။  လူသေမှသာ ဝမ်းမီးငြိမ်းသည်ဟု ဆိုသည်။ ဝမ်းမီးသည်  လူကိုဆာလောင်စေသည်။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ အစာခြေခြင်းကိုလည်း ပြုလုပ်ပေးသည်။

ဝမ်းမီးငြိမ်းလျှင်၊ ဝမ်းမီးအားမကောင်းလျှင်၊ ဝမ်းမီးပျက်လျှင် အစာစားချင်စိတ်မရှိတော့။ မစားချင်ဘဲစားလျှင် အစာမကြေနိုင်။ အစာမကြေလျှင် အာဟာရကို ခန္ဓာကိုယ်က စုပ်မယူနိုင်။ ကိုယ်ခံအား ကျဆင်းလာမည်။   နောက်ဆက်တွဲရောဂါ  ဝေဒနာအမျိုးမျိုးကိုယ်တွင်းသို့ဝင်ရောက်လာမည်။ ကိုယ်ခံအားကောင်းရန်အတွက် ဝမ်းမီးသည် မူလပထမဖြစ်သည်။

အစာကြေခြင်းအဆင့်ဆင့်

အာယုဗေဒဆေးပညာ အလိုအရ အစာကြေခြင်း အဆင့်ခုနစ်ဆင့်အထိရှိသည်။ အဆင့်ဆင့် ကြေညက်သွားခြင်း ဖြစ်သောကြောင့်   ပထမအဆင့်ကြေမှသာ ဒုတိယအဆင့်သို့ရောက်နိုင်သည်။ ဒုတိယအဆင့်ကြေမှသာ တတိယအဆင့်သို့ ရောက်နိုင်သည်။ ဤသို့အဆင့်ဆင့် ခန္ဓာကိုယ်အတွက် အသုံးဝင်နိုင်သော အဆင့်သို့ တစ်ဆင့်ချင်း ရောက်ရှိမည် ဖြစ်သည်။

အစာကြေပုံ အဆင့်ဆင့်မှာ

၁။        ပထမအဆင့်အစာကြေလျှင် ရသရည်ဖြစ်သည်။

၂။         ဒုတိယအဆင့်အစာကြေလျှင်  သွေးဖြစ်သည်။

၃။        တတိယအဆင့်အစာကြေလျှင် အသားဖြစ်သည်။

၄။        စတုတ္ထအဆင့်အစာကြေလျှင် အဆီဖြစ်သည်။

၅။        ပဉ္စမအဆင့်အစာကြေလျှင် အရိုးဖြစ်သည်။

၆။        ဆဋ္ဌမအဆင့်အစာကြေလျှင် ခြင်ဆီဖြစ်သည်။

၇။        သတ္တမအဆင့်အစာကြေလျှင် သုက်ဖြစ်သည်။

ဝမ်းမီးအားမကောင်းလျှင် အဆင့်ဆင့် အစာမကြေ နိုင်သဖြင့် ရသရည်သာဖြစ်ပြီး တစ်နေ့တာအတွက် အားရှိရုံသာဖြစ်မည်။   သွေး၊ အသား စသည်များဖြစ်မည်မဟုတ်။ ထို့ထက်ပိုလျှင် အဆီမဖြစ်။ အရိုးမဖြစ်။ ခြင်ဆီမဖြစ်။ အားနည်းသောသူတွင် ကျားခွန်အား၊ မခွန်အားဖြစ်သည့်သုက်သွေးလည်း ဖြစ်တော့မည်မဟုတ်ပေ။

လူတိုင်းလူတိုင်း ငယ်ရွယ်နုပျိုစဉ်တွင် မည်သည့်အစာစားစားအစာကြေသည်။  အဆင့်ဆင့်  ခွန်အားများဖြစ်သည်။ သို့သော် သက်လတ်ပိုင်း အသက် ၃၃ နှစ်မှ  ၅၀ ကျော် ရောက်သည့်အတွင်းတွင် အစာခြေအားကောင်းသော်လည်း    အာဟာရစုပ်ယူမှုမှာ အားနည်းလာသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ   အသက်အရွယ်အလျောက် ဝမ်းမီးအားနည်း

လာခြင်းကြောင့်ဖြစ်သည်။

အစားအသောက်ကို အချိန်မှန် မစားသုံးခြင်းကြောင့်လည်း  ဝမ်းမီးပျက်နိုင်သည်။  ရုံးဝန်ထမ်းများတွင် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ နာရီအတွင်း ထမင်းစားလေ့ရှိသည်ဟုဆိုပါစို့။ နေ့စဉ်အကျင့်ဖြစ်နေသော ထိုအချိန်တွင် အစာခြေရည်အစာအိမ်မှ  ထွက်မြဲဖြစ်သည်။ အကြောင်းအားလျော်စွာ ရုံးတွင် အစည်းအဝေးရှိ၍ဖြစ်စေ၊ အလုပ်လက်စသတ်ရန် မပြီးပြတ်၍ ဖြစ်စေ ပုံမှန်စားချိန်တွင်မစားနိုင်သောအခါ အစာအိမ်မှ အစာခြေရည်မှာ ပုံမှန်အချိန်တွင် ထွက်ပြီးဖြစ်နေသည်။ မိမိမှာလည်း ဗိုက်ဆာသည်။  သို့သော် မစားအား။ ထိုအခါမျိုးတွင် ရေတစ်ခွက်ဖြစ်ဖြစ်သောက်ထားသင့်သည်။ အလွယ်တကူရနိုင်သော ဘီစကွတ်၊ ပေါင်မုန့် စသည့်အစာအနည်းငယ်မျှ အစာအိမ်ထဲသို့ ထည့်ပေးသင့်သည်။ သို့မဟုတ်ပါက ထွက်ပြီးဖြစ်သော အစာခြေရည်သည် အစာအိမ်ကိုပြန်၍ လောင်ကျွမ်းသွားနိုင်သည်။

အစာစားချိန်တွင် ဆာလောင်ပါလျက် မစားနိုင်သောသူသည် အဆာလွန်သောအခါ ဝမ်းမီးငြိမ်းသွားပြီး စားချင်စိတ်မရှိတော့ဘဲ ဖြစ်တတ်သည်။ သို့သော်စားရမည့်ဝတ္တရားကြောင့်    အစာကိုစားသောအခါ ဝမ်းမီးမတောက် သဖြင့် အစာခြေရည်လည်း ကောင်းစွာ မထွက်ပေ။ ထိုသို့စားမိသူသည် ရင်တောင့်ပြီး အစာမကြေဖြစ်ရသည်။

အစာမကြေခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲ ရောဂါများမှာ ()ရင်တောင့်ခြင်း၊ ()ရင်ပူခြင်း၊ () နောက်ကြောတက်ခြင်း၊ ()ဇက်ခိုင်တောင့်တင်းခြင်း၊  ()မျက်စိအမြင်အာရုံဝေဝါးပြီး အာရုံမစိုက်နိုင်ခြင်း၊ ()အိပ်ချင်ငိုက်မျဉ်းခြင်း၊  ()လေချဉ်တက်ခြင်း၊ ()ပျို့အန်ခြင်း၊ ()ခံတွင်းခါးခြင်း၊ (၁၀) နောက်ထပ် အစာစားလို စိတ်မရှိခြင်း၊ (၁၁)နောက်တစ်ရက်တွင် ဝမ်းကောင်းစွာမသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်းများ ဖြစ်စေနိုင်ပါသည်။

အစာမကြေရောဂါမဖြစ်စေရန်

၁။        အစာကိုအချိန်မှန်စားပါ။

၂။         အစာကိုကြေညက်အောင်ဝါးစားပါ။    အစာတစ်လုတ်လျှင် ၁၀ ကြိမ်ခန့် ဝါးစားဖို့လိုပါသည်။

၃။        အစာစားနေစဉ် အခြားအာရုံပြုရသည့် အလုပ်များ မလုပ်ပါနှင့်။ ဥပမာ-စာဖတ်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ စားနေရင်း တစ်ဖက်မှ ဖုန်းကြည့်ခြင်းများ မလုပ်သင့်ပါ။

၄။        မာကျောသောအစာ၊   ကြေခဲသောအစာများ စားလျှင် အရည်သောက်ဟင်းဖြင့် တွဲဖက်စားသောက်ပါ။

၅။        အစာစားပြီးပြီးချင်း လဲလျောင်းခြင်း၊ အိပ်စက်ခြင်း မပြုသင့်ပါ။

၆။        အစားများသောအခါ အစာကြေစေရန်   လမ်းအနည်းငယ်လျှောက်ပေးလျှင် ပိုကောင်းပါသည်။ 

ကြည်လွင်မြင့်(မုဒြာ)