ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
ဘုမ္မရာဇာ
အင်္ဂလိပ်အမည် - Serpent wood
မျိုးရင်း - Apocynaceae (ဆယ့်နှစ်ရာသီမျိုးရင်း)
ရုက္ခဗေဒအမည် - Rauvolfia Serpentina Benth.
အဓိကဆေးဖက်ဝင်ပုံ
သွေးတိုးကျဆေး၊ နှလုံးဆေး၊ စိတ်ငြိမ်ဆေး၊ အိပ် ဆေး၊ လေဆေးနှင့် အဆိပ်ဖြေဆေးများတွင် ထည့်သွင်း အသုံးပြုသည်။ ကလေးသူငယ်များ တက်ခြင်း၊ အညှော် မိခြင်း၊ ချွဲကျပ်ခြင်း၊ လေကျပ်ခြင်း၊ ကျောပူ ခေါင်းပူ ထခြင်းများအတွက် သူငယ်နာအုပ်ဆေးအဖြစ် အသုံး ပြုနိုင်သည်။
ပေါက်ရောက်သည့်ဒေသ
ပူအိုက်စွတ်စို၍ မိုးရေချိန်လက်မ ၈၀ မှ ၁၂၀ ကျော်ရှိသောဒေသများ၌ ပေါက်ရောက်သည်။ ပျဉ်းမနား၊ တောင်ငူ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ကော့ကရိတ် မြို့နယ်တို့၌ အများအပြားပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အမြစ်
အပင်ပုံဏ္ဌာန်
နှစ်ရှည်ခံအပင်ငယ်မျိုးဖြစ်ပြီး ၂ ပေအထိ မြင့်သည်။ အခေါက်မှာ အဖြူရောင်ရှိသည်။ ကြက်မ အုပ်ပင်နှင့်ဆင်တူသည်။ မျိုးစိတ်ပေါင်းခုနစ်ခုရှိသည့် အနက် Rauvolfia Serpentina Benth အပင် မျိုးသာလျှင် အထင်ရှားဆုံးနှင့် အသုံးအဝင်ဆုံးဖြစ်သည်။
အရွက်များ အပင်ထိပ်ဖျားတွင် စုနေသည်။ ရွက်ထိပ်ချွန်သည်။ ထိပ်ပိုင်းကျယ်၍ ရွက်ညှာသို့ သွယ်ဆင်း သွားသည်။ များသောအားဖြင့် ရွက်ကြော များထင်ရှားသည်။
ပန်းခိုင်ရှည်လျားသည်။ အပွင့်များ ပန်းခိုင်ထိပ်၌ စုပြုံ၍ပွင့်သည်။ အဖြူရောင်၊ ပန်းရောင်၊ အနီရောင် ဟူ၍ မျိုးကွဲများစွာရှိပြီး တန်ခူးလမှ တန်ဆောင်မုန်းလအတွင်းပွင့်သည်။
စားတော်ပဲလုံးအရွယ်ခန့်ရှိ၍ နုစဉ်တွင် စိမ်းရာမှ ရင့်သောအခါ အနီရောင်သို့ပြောင်းသွားသည်။ အသီး အတွင်း မာကျောသောအစေ့ရှိပြီး တန်ဆောင်မုန်းနှင့် နတ်တော်လတို့အတွင်း အသီးရင့်မှည့်သည်။
အမြစ်မြွှာများ အထွက်နည်းပြီး ရေသောက်မြစ် ပင်စည်သည် ကြီးထွားကာ ကောက်နေသည်။ ခပ်မွဲမွဲ အဝါရောင်ရှိသည်။ အမြစ်၏အခေါက်များ၊ အပွေးများ အလျားလိုက်ရှိ၍ အတွင်း၌ အရစ်ရစ်သော်လည်း ကောင်း၊ အထပ်ထပ်သော်လည်းကောင်း စက်ဝိုင်းကဲ့သို့သော အရေးအကြောင်းများကိုသော်လည်း ကောင်း ထင်ထင်ရှားရှားတွေ့ရ၏။ လက်ဖြင့်ချိုး ကြည့်ပါက ဆတ်၍ကျိုးလွယ်၏။ အရသာမှာ အလွန် ခါး၏။ အနံ့မရှိပါ။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ ဘုမ္မရာဇာမြစ်သည် ဖန်၏။ စပ်၏။ ခါးသောအရသာရှိ၏။ ထက်မြက် ၍ ပူသောဂုဏ်သတ္တိရှိပြီး ဝမ်းမီးကိုတောက်စေ၏။ လေကိုသက်စေ၏။ နှုတ်ကို မြိန်စေ၏။ အကြောလှုပ် ခြင်း၊ အကြောသေခြင်းတို့ကို ပျောက်ကင်းစေ၏။ ဆီးအိမ်၌ဖြစ်သော ညောင်းကျနာခေါ် ရိဖြူ၊ ရိနီ ကျဆင်းမှုနှင့် ဆီးလွန်သော ရောဂါကိုနိုင်၏။ သွေးတိုး ရောဂါ၊ သွေးနှင့်ပတ်သက်သောရောဂါ၊ ကာလသား ရောဂါ၊ နှလုံးတုန်၊ ရင်ခုန်သောရောဂါတို့ကို ပျောက်ကင်းစေ၏။ ပန်းသေ၊ ပန်းညှိုး၊ သုက်ခန်းရောဂါတို့ကို နိုင်၏။
ဆေးဖက်ဝင်အသုံးပြုပုံ
သွေးတိုးရောဂါရှိသူများအတွက် ဘုမ္မရာဇာမြစ်ကို သွေးတိုးကျဆေးအဖြစ် သုံးစွဲနိုင်သည်။ သွေးဆေးများ တွင် အမြစ်မှုန့်ကို သင့်တော်ရုံရောစပ်ထည့်ပြီး နှလုံး တုန်ခြင်း၊ ရင်ခုန်ခြင်း၊ စိုးရိမ်ကြောင့်ကြများခြင်း၊ စိတ် မငြိမ်ခြင်းတို့အတွက် အသုံးပြုနိုင်သည်။
အိပ်မပျော်လျှင် ဘုမ္မရာဇာမြစ်အမှုန့်ကို သင့်တော် သောလေဆေး၊ လေနှိမ်ဆေးတို့နှင့်ရောစပ်တိုက် ကျွေးခြင်းဖြင့် လေငြိမ်ပြီး အိပ်ပျော်စေနိုင်သည်။
အဆိပ်သင့်ခြင်း၊ အစားမှား၊ အော့အန်၊ မူးဝေခြင်းများဖြစ်လျှင် ဘုမ္မရာဇာမြစ်အမှုန့်ကို ရေအေး၊ ပျားရည်တို့နှင့် ရောစပ်တိုက်ကျွေးနိုင်သည်။
ဘုမ္မရာဇာမြစ်အမှုန့်ကို သည်းခြေဆေး၊ နှလုံးအပူ ငြိမ်းဆေးများတွင် သင့်တော်ရုံရောစပ်တိုက်ကျွေး ခြင်းဖြင့် အဆိပ်ထကြွခြင်း၊ ရန်ပြုလိုခြင်း၊ စိုးရိမ်ကြောင့် ကြလွန်ကဲခြင်းများကို ပျောက်ကင်းစေပြီး တချို့သော စိတ်ဝေဒနာရှင်များအတွက် စိတ်ငြိမ်ဆေးအဖြစ် အသုံးပြုနိုင်သည်။
ဘုမ္မရာဇာမြစ်ကို ရှိန်းခို၊ ဣဿရမူလီ၊ ဆေးဒန်းတို့နှင့် ရော၍အမှုန့်ပြုပြီး သူငယ်နာအုပ်ဆေးအဖြစ် အသုံးပြုကြသည်။ ကလေးသူငယ်များ တက်ခြင်း၊ ချွဲကျပ်ခြင်း၊ လေကျပ်ခြင်း၊ အညှော်မိခြင်းများ ဖြစ်ပါက လက်ဖဝါးတွင် ဆေးမှုန့်ကိုပွတ်၍ ငယ်ထိပ်တွင် အုပ်ပေးလျှင် အတက်ကျစေသဖြင့် အုပ်ဆေး ဟု ခေါ်ကြခြင်းဖြစ်သည်။ ဆေးမှုန့်ကို နှမ်းဆီ၊ အုန်းဆီ တို့နှင့်ရောဖျော်ပြီး ကလေး၏ ကျော၊ ရင်အုပ်များ တွင် လိမ်းပေးခြင်းဖြင့် ချွဲကျပ်ခြင်း၊ ကိုယ်ပူခြင်းများကို သက်သာစေနိုင်သည်။ ဆေးမှုန့်ကို ကွမ်းရွက်နှင့် ရောခြေပြီး နှာဝတွင်တေ့ပေးခြင်းဖြင့် အတက်ကျစေနိုင် သည်။
မျက်စိနာခြင်း၊ မျက်စိရဲခြင်းများဖြစ်လျှင် ဘုမ္မရာဇာရွက်ကိုထောင်း၍ အရည်ညှစ်ပြီး မျက်စိကို ကွင်းပေး ခြင်းဖြင့် သက်သာစေနိုင်သည်။
ဘုမ္မရာဇာနှင့် ဖော်စပ်ထားသောဆေးကို ပျားရည်၊ ထောပတ်၊ နှမ်းဆီ၊ တင်လဲတို့နှင့်ရောစပ်ပြီး အသက် ရှည်ဆေးအဖြစ် ရှေးတိုင်းရင်းဆေးဆရာကြီးများက ဖော်စပ်သုံးစွဲခဲ့ကြသည်။
ဘုမ္မသိန်
အင်္ဂလိပ်အမည် - Ngai Camphor
မျိုးရင်း- Compositae (နေကြာမျိုးရင်း)
ရုက္ခဗေဒအမည် - Blumea balsamifera
အဓိကဆေးဖက်ဝင်ပုံ
ပရုတ်ဆီချက်ရာတွင် အဓိကပါဝင်သည်။ သွား ကိုက်၊ သွားနာ၊ ချောင်းဆိုး၊ ပန်းနာ၊ ကိုယ်ဖောကိုယ် ရောင်၊ လေငန်းရောဂါ၊ အခိုးမပွင့်သည့်ရောဂါ၊ကိုယ် လက်ကိုက်ခဲသောရောဂါ၊ သူငယ်နာနှင့် ချွဲပူထသော ရောဂါများအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြား၌ သဘာဝအလျောက် ပေါက်ရောက်သည်။ အထူးသဖြင့် တောထူသည့် နေရာများ၌ ပေါက်ရောက်လေ့ရှိသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အစေး၊ အမြစ်၊
အပင်ပုံသဏ္ဌာန်
အပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၅ ပေမှ ၁၀ ပေ အထိမြင့်သည်။ အပင်တွင် အစေးများရှိသည်။ ပင်စည် ရင်းမှစ၍ အကိုင်းဖြာသည်။ အခေါက်ချောမွေ့၍ အမျှင်လိုက်ဖြစ်ပြီး မွဲခြောက်ခြောက်၊ စိမ်းညိုရောင် ရှိသည်။ အကိုင်းအခက်များပေါ်တွင် အမွေးနုလေး များရှိသည်။ ပင်စည်ကိုချိုးကြည့်လျှင် အတွင်း၌ ဖော့သဏ္ဌာန် အဖြူရောင်အူနုလေးများ တွေ့ရှိနိုင်သည်။
ရွက်လွှဲထွက်သည်။ ရွက်ထိပ်ချွန်၍ အရွက်အလယ် ပိုင်းကျယ်ကာ ရွက်ရင်းသွယ်သွားသည်။ အရွက် အထက်အောက်မျက်နှာပြင်နှစ်ဖက်စလုံး၌ အမွေးစုတ် စုတ်များရှိပြီး အရွက်ကြမ်းသည်။ ရွက်နား၌ အလွန် သေးငယ်သော ခွေးသွားစိပ်လေးများရှိသည်။ ရွက် ကြောထင်ရှား၍ ရွက်ညှာရင်းနားတွင် ရွက်စွယ် လေးများရှိသည်။
ထိပ်ထွက်ပန်းခိုင်ဖြစ်၍ ကြီးမားပြီး အဝါရောင် ပန်းပွင့်လေးများ များစွာပါရှိသည်။ ပွင့်ခံရွက်အုံ အစိမ်းရောင်ရှိပြီး အမွေးထူသည်။ တပေါင်းလမှ ကဆုန်လအထိပွင့်သည်။
အသီး ၁၀ မြှောင်းပါရှိသည်။ ပိုးသားကဲ့သို့ နူးညံ့ သည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ ဘုမ္မသိန်သည် ပူသောအရသာရှိသည်။ ထက်မြက်သောဂုဏ်သတ္တိ ရှိပြီး အခိုးကိုပွင့်စေ၍ လေသလိပ်၊ သည်းခြေကို လည်းကောင်း၊ ရင်နာရောဂါကိုလည်းကောင်း ပယ် နိုင်၏။ ကုတ်ဟီးချောင်းဆိုးနာ၊ ပန်းနာတို့ကို ပျောက် ကင်းစေသောသတ္တိရှိ၏။
ဆေးဖက်ဝင်အသုံးပြုပုံ
သူငယ်နာဆေးများဖော်စပ်ရာတွင် သူငယ်နာအုပ်ဆေးအဖြစ် ဘုမ္မသိန်ရွက်ကို အခြောက်လှန်းပြီး အမှုန့်ပြု၍ အုန်းဆီ၊ ကွမ်းရွက်ရည်တို့နှင့် ရောစပ် အသုံးပြုနိုင်သည်။
အစာမကြေရောဂါ၊ လေငန်းရောဂါ၊ အရေပြား ရောဂါကုဆေးများတွင် ဘုမ္မသိန်ရွက်ကို ထည့်သွင်း အသုံးပြု နိုင်သည်။
ဘုမ္မသိန်ရွက်မှ ပရုတ်ကို ထုတ်ယူရရှိနိုင်ပြီး အကြောလိမ်းဆေးများ ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုနိုင်သည်။
သွားကိုက်ခြင်း၊ သွားနာခြင်း၊ သွားပိုးစား၍ အခေါင်းဖြစ်ခြင်းများအတွက် ဘုမ္မသိန်အစေးကို ထည့်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
ဖောရောင်သော ရောဂါများဖြစ်လျှင် ဘုမ္မသိန် ရွက်ပြုတ်ရည်နှင့် ရေချိုးပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်သည်။
လေငန်းဖမ်း၍ ခြေလက်သေခြင်း၊ အကြောများ မသန်စွမ်းခြင်း၊ ခြေလက်သိမ်ခြင်းများဖြစ်ပါက ဘုမ္မ သိန်မြစ်ကို သွေးပြီးလိမ်းပေးခြင်း၊ အမြစ်ကို အရက်နှင့်စိမ်ပြီး လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်သည်။
ပန်းနာ၊ ချောင်းဆိုးရောဂါများဖြစ်လျှင် ပရုတ်ဆီကို ရေနွေးနှင့်ဖျော်၍ ငုံပေးခြင်း၊ အာလုတ်ကျင်းခြင်း၊ အနည်းငယ်သောက်ပေးခြင်းဖြင့် ရောဂါသက်သာစေနိုင်သည်။
ဆီးကြောတင်း၍ ဆီးမထွက်သော ရောဂါဖြစ်လျှင် ဘုမ္မသိန်မြစ်ကိုသွေးပြီး ဆီးခုံတွင် လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။
အအေးမိလျှင် ပရုတ်ဆီကို တစ်ကိုယ်လုံးလိမ်းကျံ ပေးခြင်းဖြင့် ကိုယ်အပူချိန်ပြန်လည်ရရှိလာပြီး အအေးမိ ဖျားနာခြင်းမှ ကာကွယ်နိုင်သည်။
ကြည်လွင်မြင့်(မုဒြာ)