လျှပ်စစ်ကားများပိုမိုရောင်းချရရေး အားပေးမြှင့်တင်မှုများလုပ်လာတဲ့ တရုတ်

လျှပ်စစ်ကားများပိုမိုရောင်းချရရေး အားပေးမြှင့်တင်မှုများလုပ်လာတဲ့ တရုတ်

မော်တော်ကားဈေးကွက်မှာ လျှပ်စစ်ကားများက အထိုက်အလျောက် နေရာယူလာကြပါပြီ။ လက်ရှိမှာဆိုရင် လျှပ်စစ်ကားများ အသုံးပြုမှုက တွင်တွင်ကျယ်ကျယ်မဖြစ်သေးပေမယ့်  တော်တော်များများကတော့ လျှပ်စစ်ကားများကို စိတ်ဝင်စားလာနေကြတာပါ။

ဒါကြောင့်လည်း အစိုးရတွေဘက်ကနေ တတ်နိုင်သမျှ ပံ့ပိုးကူညီမှုတွေပေးလာတာကို တွေ့နေရပါတယ်။ တချို့အစိုးရတွေက လျှပ်စစ်ကားဝယ်ယူမှုအတွက် အခွန်ကို သုညအထိ လျှော့ချပေးတာတွေရှိသလို တချို့အစိုးရတွေကျတော့ လျှပ်စစ်ကားတစ်စီးဝယ်ရင် ငွေဘယ်လောက်ပြန်အမ်းပေးမယ် ဆိုတာမျိုးတွေနဲ့ လျှပ်စစ်ကားကဏ္ဍကို အားပေးမြှင့်တင်လာတာပါ။

တရုတ်အစိုးရကတော့ လာမယ့်လေးနှစ်စာအတွက် လျှပ်စစ်ကားတွေနဲ့ တခြားအစိမ်းရောင် စွမ်းအင်သုံးကားတွေ ဝယ်ယူမှုကို အားပေးမြှင့်တင်မယ့်အနေနဲ့ ယွမ် ဘီလီယံ ၅၂၀ တန်ဖိုးရှိတဲ့   ပံ့ပိုးမှုအစီအစဉ်ကို ဇွန် ၂၁ ရက်မှာထုတ်ပြန်လိုက်ပါပြီ။

အခုလို  ပံ့ပိုးကူညီပေးမယ့် အစီအစဉ်ကြောင့် ဈေးကွက်ထဲမှာ လျှပ်စစ်ကား ဝယ်လိုအားကျဆင်းနေတာကို အထောက်အကူဖြစ်စေမယ့်အပြင် မော်တော်ကားထုတ်လုပ်သူ ကုမ္ပဏီများရဲ့ ရှယ်ယာများကိုလည်း မြင့်တက်သွားစေပါတယ်။

တရုတ်အစိုးရက လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကို  အားပေးမြှင့်တင်မှုများ လုပ်ပေးမယ်ဆိုတဲ့ ကတိပြုမှုနဲ့အညီ အခုလိုမျိုး ငွေကြေးများစွာ  အကုန်အကျခံပြီး ကူညီပေးတာပါ။

ဒီလိုမျိုးကူညီပေးမှုကြောင့် ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်အသစ် အသုံးပြုယာဉ်များ အားလုံးအတွက် ဝယ်ယူမှုမှာ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ယာဉ်တစ်စီးကို အများဆုံးယွမ် ၃၀၀၀၀ အထိ ကင်းလွတ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်တို့မှာတော့ ဝယ်ယူမှုတန်ဖိုးရဲ့ထက်ဝက်ကို သက်သာခွင့်ရရှိမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် စုစုပေါင်းအခွန်လျှော့ချပေးမှု တန်ဖိုးက ယွမ်ဘီလီယံ ၅၂၀ အထိရှိမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး ရှူဟုန်းဆိုင်ကပြောပါတယ်။

တရုတ်အစိုးရက   ဒီနှစ်ထဲမှာလည်း စွမ်းအင်အသစ် အသုံးပြုကားများ ဝယ်ယူမှုအတွက် ကုန်သွယ်လုပ်ငန်း ခွန်ကင်းလွတ်ခွင့်တွေ ပေးထားပြီးပါပြီ။

သူတို့သတ်မှတ်ထားတဲ့  စွမ်းအင်အသစ်အသုံးပြုကားများထဲမှာ ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကားများ အားလုံး၊ လောင်စာနဲ့လျှပ်စစ် နှစ်မျိုးစလုံးအသုံးပြုတဲ့ကားများအားလုံး၊ ဟိုက်ဒရိုဂျင်စွမ်းအင် အသုံးပြုကားများ အားလုံးပါဝင်ပြီး ပြည်သူများအနေနဲ့ အဲဒီကားတွေကို ဝယ်ယူမယ်ဆိုရင် ဒီနှစ်အကုန်အထိ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရမှာပါ။

အခုထုတ်ပြန်လိုက်တဲ့အစီအစဉ်ဆိုရင်လည်း ဒီနှစ်ကုန်တာနဲ့စတင် အသက်ဝင်မှာ ဖြစ်တဲ့အတွက် တရုတ်အစိုးရက လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍကို ဆက်လက်ထောက်ပံ့ပေးသွားတဲ့သဘော   ဖြစ်ပါတယ်။

ဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်တာကလည်း ဇွန် ၂ ရက်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးအတွင်း တာဝန်ရှိသူတွေက သူတို့အနေနဲ့ အခွန်ကင်းလွတ်ခွင့်ပေးခြင်းကို သက်တမ်းတိုးမြှင့်ပြီး သင့်မြတ်အောင် ဆောင်ရွက်သွားမယ့်အပြင် စွမ်းအင်အသစ်အသုံးပြုယာဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများကို  လေ့လာသွားမယ်လို့ ပြောပြီးနောက် ထွက်ပေါ်လာတာပါ။

ဒါ့အပြင် ဒုတိယစီးပွားရေးအင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ဒီလိုမျိုးလုပ်ဆောင်ခြင်းဟာ စီးပွားရေးလုပ်ငန်းများ လည်ပတ်စီးဆင်းမှုကို အရှိန်တိုးမြှင့်ပေးတာနဲ့ အတူတူပါပဲ။

တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ်များအတွင်း အခုလိုမျိုး  မက်လုံးပေးဆွဲဆောင်မှုများမှတစ်ဆင့်    စွမ်းအင်အသစ်ယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးကို   အကြီးအကျယ် အားပေးခဲ့တဲ့အတွက် Li Auto၊ NIO နဲ့ BYD တို့လို ပြည်တွင်းလျှပ်စစ်ကားထုတ် လုပ်ရေးကုမ္ပဏီများကလည်း တိုးတက်လာတာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုသူဌေးကြီး     ဝေါရန်ဘာဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ ဘာ့ရှိုင်းယားဟတ်သာဝေး ကုမ္ပဏီက အဓိက ထောက်ပံ့ပေးထားတဲ့ BYD ကုမ္ပဏီထုတ်ကားတွေဆိုရင် တရုတ်နိုင်ငံမှာ ဗောက်စဝက်ဂွန်ကားတွေကို ကျော်တက်ပြီး ရောင်းအားအကောင်းဆုံးကားတွေ ဖြစ်လာသလို BYD ကုမ္ပဏီကလည်း   ဒီနှစ်အတွက် မော်တော်ကားအများဆုံး ရောင်းချရတဲ့ ကုမ္ပဏီလည်း ဖြစ်လာပါတယ်။

အစိုးရဘက်က အခုလိုမျိုးကုန်သွယ်လုပ်ငန်းခွန်တွေကို ကင်းလွတ်ခွင့်ပေးခြင်းကြောင့် ပြည်တွင်းကုမ္ပဏီ အများအပြားက ထုတ်လုပ်နေတဲ့ ဈေးသက်သာသောကားအမျိုးအစားတွေအပေါ်  ဝယ်လိုအားမြင့်တက် လာစေတယ်လို့ လေ့လာသူများက ဆိုပါတယ်။

ဒီနှစ်အစောပိုင်းတုန်းမှာ  အစိုးရက လျှပ်စစ်ကားများဝယ်ယူမှုကို ဆယ်စုနှစ်တစ်ခုကျော်ကြာ  ထောက်ပံ့ပေးလာခဲ့တဲ့ အစီအစဉ် အဆုံးသတ် လိုက်ပါသေးတယ်။

အဲဒီတုန်းက လျှပ်စစ်ကားများ ရောင်းချရမှုပမာဏက တော်တော်လေးကို ကျဆင်းသွားတာပါ။ ဒါပေမဲ့ Tesla အပါအဝင် လျှပ်စစ်ကားထုတ်လုပ်သူများက ဈေးကွက်ရှယ်ယာကို ကာကွယ်နိုင်စေဖို့ ဈေးနှုန်းတွေ လျှော့ချပေးမှုနဲ့ တရုတ်အစိုးရဘက်ကလည်း ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် ပေးခြင်းကို ထပ်မံသက်တမ်းတိုးလိုက်ခြင်းကြောင့် အဝယ်ပြန်လိုက်လာတာ ဖြစ်ပါတယ်။

မူလက လာမယ့်နှစ်အတွင်း လျှပ်စစ်ကားရောင်းချရမှုပမာဏက ၁၅ ရာခိုင်နှုန်းသာတိုးမြင့်လာမယ်လို့ မျှော်မှန်းထားပေမယ့် အခုတော့ အစိုးရရဲ့မူဝါဒကြောင့် ၃၀ ရာခိုင်နှုန်းအထိ  မြင့်တက်လာမယ်လို့ တိုးမြှင့်ခန့်မှန်းလာကြပါတယ်။

မေလအတွင်း လျှပ်စစ်ကားရောင်းချရမှုပမာဏဆိုရင်လည်း ဧပြီလကထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် လာပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင်တော့ ၆၀ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်ရေးအတွက် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှု  လျော့ကျစေဖို့ အင်တိုက်အားတိုက်လုပ်ဆောင်လာနေပါပြီ။

ဖန်လုံအိမ်ဓာတ်ငွေ့  အများစုသည် မော်တော်ကားများမှ ထွက်ရှိတာဖြစ်တဲ့အတွက် ရုပ်ကြွင်းလောင်စာသုံး မော်တော် ကားတွေနေရာမှာ လျှပ်စစ်ကားတွေက နေရာယူလာကြတာပါ။

ဒါပေမဲ့ နိုင်ငံတိုင်းရဲ့လမ်းမများထက်မှာ လျှပ်စစ်ကားများ  ယခုထက်ပိုမိုတိုးတက်လာဖို့ လိုအပ်သေးသလို အစိုးရတွေဘက်ကလည်း တတ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေ ပေးအပ်နေရဦးမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။   

    Ref:CNA