ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် အထူးကုဆေးကုသရေး အဖွဲ့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် အထူးကုဆေးကုသရေး အဖွဲ့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်

နေပြည်တော်  ဇွန်  ၂၅

    ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ခဲ့သော ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုကို အားဖြည့်ဆောင်ရွက်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အပြင် အထွေထွေရောဂါကု သမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ ကလေးအထူးကုဆရာဝန်များ ပါဝင်သော အထူးကု ဆေးအဖွဲ့များစေလွှတ်၍ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  အငြိမ်းစားအထူးကု ဆရာဝန်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အထူးကု ဆရာဝန်ကြီးများ၊    ပုဂ္ဂလိက အထွေထွေ ရောဂါကုဆရာဝန်များ ပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့သည် ဝိသာခါဖောင်ဒေးရှင်း၏ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သွားရောက်ကာ   ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၌ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

အထူးဆေးကုသရေးအဖွဲ့ကုသနေမှုများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရခိုင်ပြည်နယ်  အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါ အထူးကုဆေးကုသရေး အဖွဲ့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်က ဦးဆောင်၍ နှလုံးရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ အဆုတ်နှင့် ရင်ခေါင်းရောဂါ၊ အရိုး၊ အကြော၊ အဆစ်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ၊ သွေးရောဂါ၊ အရေပြားရောဂါ၊ ဦးနှောက်နှင့်အာရုံကြောရောဂါနှင့် အထွေထွေရောဂါကု သမားတော်ကြီးများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်ပြီး ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဆေးကုသမှုများအပြင်  Ultrasound^ CT scan စသည့် ဓာတ်မှန်ဖြင့် ရောဂါရှာဖွေ စမ်းသပ်မှုများ၊ ဓာတ်ခွဲစမ်းသပ် ကုသမှုများ၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုပေးခြင်းတို့ကိုပါ ဆောင် ရွက်ပေးလျက်ရှိသည်။

အဆိုပါ အထူးကုဆေးကုသမှုတွင် ဒေသခံပြည်သူ စုစုပေါင်း ၁၁၄၄ ဦးကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ နှလုံးဆိုင်ရာ ၁၄၅ ဦး၊ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ၄၈ ဦး၊ အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ ၃၈ ဦး၊ အရိုး၊ အကြော^အဆစ်ဆိုင်ရာ ၂၉၉ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၅၅ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ ဆိုင်ရာ ၇၅ ဦး၊ သွေးရောဂါဆိုင်ရာ ၁၇ ဦး၊ အရေပြားရောဂါဆိုင်ရာ ၁၀၄ ဦး၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ၁၂၉ ဦး၊ အသည်းရောဂါဆိုင်ရာ ၂၁ ဦး၊ ကလေး သွေးရောဂါ  ၃၅ ဦးနှင့် အထွေထွေရောဂါဆိုင်ရာ ၁၇၈ ဦးတို့ကို ကုသမှုပေးနိုင်ခဲ့သည်။

ထို့ပြင် ကွန်ပျူတာဓာတ်မှန်(CTScan)ရိုက်ကူးခြင်း ခြောက်ဦး၊ တီဗွီဓာတ်မှန် (့ Ultrasound)ရိုက်ကူးခြင်း ၂၄ ဦး၊ ဓာတ်မှန် ရိုက်ကူးခြင်း ၄၇ ဦး၊ သွေးစစ်ဆေးခြင်း ၈၆ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း ၁၉ ဦး၊ အသံလှိုင်းဖြင့် နှလုံး ပုံရိပ်ဖော်စက်(Portable Echocardiogram)ဖြင့် စစ်ဆေးခြင်း ဦး ၂၀ တို့ကိုလည်း ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ  ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်  ရခိုင်ပြည်နယ်သို့  အထူးကု ဆရာဝန်ကြီးများ ပါဝင်သော ဆေးကုသရေး အဖွဲ့များ ဆက်လက်စေလွှတ်၍ ရောဂါရှာဖွေကုသမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။