ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

မန်ကျည်း

အင်္ဂလိပ်အမည်- Tamarind

မျိုးရင်း- Caesalpiniaceae (စိန်ပန်းမျိုးရင်း)

ရုက္ခဗေဒအမည်- Tamarindus Indica Linn;

အဓိကဆေးဖက်ဝင်ပုံ

ဝမ်းပျော့ဆေး၊ ယားနာ၊ ဆီးပူနာ၊ မျက်စိနာ၊ ချွေး ထွက်လွန်ခြင်း၊ ချွေးနံ့မကောင်းခြင်း၊ ခံတွင်းမမြိန်ခြင်း၊ ဝမ်းဗိုက်နာ၊ လေချဉ်တက်ခြင်း၊ အန်ခြင်း၊ ကိုယ်သား ကိုယ်ရေပူခြင်းတို့အတွက် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

အပူပိုင်းဒေသတွင်ပေါက်ရောက်သည်။ သဘာ၀ အလျောက်ပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း-ပဉ္စငါးပါး

အပင်

အမြဲစိမ်းသစ်မာပင်ကြီးမျိုးဖြစ်သည်။ အခေါက်များညိုမည်းသော အရောင်ရှိ၍ အခေါက်ထူပြီး ကြမ်းသည်။ အကိုင်းများစွာဖြာထွက်သည်။ အကိုင်းများ မကျိုးလွယ်ဘဲ မာကျောသည်။

အရွက်

ငှက်မွေးရွက်ပေါင်းဖြစ်သည်။ ရွက်လွှဲထွက်သည်။ ရွက်မြွှာများသေးငယ်၍ နူးညံ့ပြီးမျက်နှာချင်းဆိုင် ထွက်သည်။ ရှည်မျောမျောပုံသဏ္ဌာန်ရှိသည်။

အပွင့်

အပွင့်သေးငယ်သည်။ အဝါရောင်ပေါ်တွင် အနီစင်း များရှိသည်။ တစ်ခိုင်လျှင် အပွင့် ၁၀ ပွင့်မှ ၁၅ ပွင့်ပါရှိသည်။  တန်ဆောင်မုန်း၊  နတ်တော်လတို့တွင်ပွင့်သည်။

အသီး

သီးတောင့်ရှည်မျိုးဖြစ်သည်။ စိမ်းညိုရောင်ရှိသည်။ တစ်တန်းတွင် တစ်စေ့ပါသည်။ အစေ့သည် တောက်ပ မာကျောပြီး အညိုရင့်ရောင်ရှိသည်။ ပြာသို၊ တပို့တွဲ၊ တပေါင်းလတို့တွင် အသီးရင့်သည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ မန်ကျည်းသည် ပူ၏။ ချဉ်၏။ သည်းခြေကိုနိုင်စေတတ်၏။ သလိပ်ကို ပွားစေတတ်၏။ လေကိုနိုင်၏။ အရွက်သည် သွေးဖောက်ပြန်ခြင်း၊ နားရောဂါ၊ မျက်စိရောဂါ၊ မြွေဆိပ်သင့်ခြင်းတို့ကိုနိုင်၏။ အသီးစိမ်းသည် ချဉ်၏။ သည်းခြေနှင့် သလိပ်ကိုနိုင်စေတတ်၏။ အသီးမှည့်သည် ချို၏။ ဝမ်းမီးကိုတောက်စေတတ်၏။ ဝမ်းမှန်၊ ဝမ်းသက်စေ၍ လေနှင့်သလိပ်ကိုနိုင်၏။

ဆေးဖက်ဝင်အသုံးပြုပုံ

- ဝမ်းဗိုက်အတွင်း လေလုံး၊ သွေးလုံးရောဂါများဖြစ်လျှင် မန်ကျည်းပဉ္စငါးပါးကို ပြာချ၊ ထိုပြာကို တစ်ညသိပ် ရေစိမ်ထားပြီး ဆားချက်ပါ။ ထိုဆားကို နံနက်၊ ည ကော်ဖီဇွန်းသေး တစ်ဇွန်းခန့် သောက်ပေးပါက လေလုံး၊ သွေးလုံးများ ပျောက်ကင်းနိုင်သည်။

- အစာမကြေလေချဉ်တက်ရောဂါဖြစ်လျှင် မန်ကျည်း ခေါက်ကို ပြာချ၊ ထိုပြာကိုရေစိမ်ပြီး အပေါ် ရည်ကြည်ကို သောက်သုံးပေးပါက ပျောက်ကင်းစေနိုင်သည်။

- ဝမ်းဗိုက်အတွင်းမှ အစာမကြေဘဲ တင်းပြီးအောင့်လျှင် မန်ကျည်းခေါက်ပြာကို ပျားရည်နှင့် ရောပြီးလျက် ပေးပါက ပျောက်ကင်းစေသည်။

- မျက်စိနာရောဂါဖြစ်လျှင်၊ မျက်သားယားလျှင် မန်ကျည်းခေါက်ကို ဆားအနည်းငယ်နှင့်ရောသွေးပြီး မျက်စိတွင်ကွင်းပေးပါက ပျောက်ကင်းစေနိုင်သည်။

-နားအူ၊ နားကိုက်ရောဂါဖြစ်လျှင် မန်ကျည်းရွက် ကို နှမ်းဆီနှင့်ရောချက်၍ နားကျပ်ပေးခြင်း၊ နားတွင်း သို့ အနည်းငယ်ထည့်ပေးခြင်းပြုလုပ်ပါက ပျောက်ကင်း စေနိုင်သည်။

-ဆီးပူ၊ ဆီးအောင့်ဖြစ်လျှင် မန်ကျည်းရွက်အရင့် များကို ကြိတ်ခြေပြီး ရသောအရည်ကို ဆားအနည်း ငယ်ခတ်၍ သောက်သုံးပေးပါက ပျောက်ကင်းစေနိုင်သည်။

- အပူလွန်၍ မိတ်ထွက်ပြီးယားယံခြင်းဖြစ်ပါက မန်ကျည်းရွက်ကို အရည်ညှစ်၍ ယားယံသောမိတ်ဖု များပေါ်တွင် ပွတ်လိမ်းပေးပါက ပျောက်ကင်းစေနိုင်သည်။

- ဝမ်းချုပ်လျှင် မန်ကျည်းသီးမှည့်အနှစ်ကို ထန်းလျက်နှင့်စိမ်ပြီး ဆားလှော်အနည်းငယ် ခတ်သောက် ပါက ဝမ်းပျော့ပျော့သွားစေနိုင်သည်။

- မီးယပ်ဖြူဆင်းလျှင် မန်ကျည်းစေ့ကိုလှော်ပြီး အမှုန့်ကြိတ်၍ နွားနို့နှင့်ရောသောက်ပါက ပျောက်ကင်း စေနိုင်သည်။

- ဝမ်းကိုက်၊ သွေးဝမ်းကိုက်လျှင် မန်ကျည်းစေ့ကို သွေးသောက်ပါက ပျောက်ကင်းစေနိုင်သည်။

- ကင်းကိုက်ခံရလျှင် မန်ကျည်းစေ့ကိုသွေး၍ ကိုက်သောနေရာတွင် လိမ်းပေးပါက အဆိပ်ပြေစေ နိုင်သည်။

မြင်းခွာပင်

အင်္ဂလိပ်အမည်- Indian Pennywort

မျိုးရင်း- Umbelliferae (နံနံမျိုးရင်း)

ရုက္ခဗေဒအမည်- Hydrocotyle Asiatica Linn;

အဓိကဆေးဖက်ဝင်ပုံ

အားတိုးဆေး၊ မျက်စိရောဂါပျောက်ဆေး၊ ဆီးပူခြင်း၊ လေပူထခြင်း၊ သွေးဝမ်းသွားခြင်း၊ ချောင်းဆိုးခြင်း၊ ကလေးအဆုတ်နာရောဂါ၊ အအေးမိရောဂါ၊ အနာ ပေါက်ရောဂါတို့အတွက် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြား၌ သဘာဝအလျောက်သော် လည်းကောင်း၊ စိုက်ပျိုး၍သော်လည်းကောင်း ဖြစ်ထွန်းပေါက်ရောက်သည်။ အအေးပိုင်းဒေသများ တွင် ပို၍ဖြစ်ထွန်းသည်။

ဆေးဖက်ဝင်အစိတ်အပိုင်း-ပဉ္စငါးပါး

အပင်

အမြဲစိမ်းပင်ငယ်မျိုးဖြစ်ပြီး မြေတွင်တွားသွား၍ ပေါက်ရောက်သည်။ ပင်စည်အလွန်သေးသွယ်၍ အဆစ်မှ အမြစ်များထွက်သည်။

အရွက်

မြင်းခွာပုံသဏ္ဌာန်ရှိသည်။   အဆစ်တစ်ဆစ်တွင် နှစ်ရွက်မှ ခြောက်ရွက်အထိထွက်သည်။ ရွက်ညှာရှည်၍ စိမ်းဝါရောင်ဖြစ်သည်။ ရွက်ညှာထိပ်မှရွက်ကြောများဖြာထွက်သည်။ ရွက်နားပတ်လည်သေးငယ်သော အဝိုက်လေးများရှိသည်။

အပွင့်

အဖြူရောင်အပွင့်လေးများပွင့်သည်။ ပန်းခိုင်ရှည် ၍ တစ်ခိုင်တွင် ပွင့်ညှာမဲ့အပွင့်သုံးပွင့်ပွင့်၏။

အသီး

အသီးအလွန်သေးငယ်၍ နှစ်လုံးမှ ခုနစ်လုံးအထိရှိတတ်သည်။ အဖြူရောင် သို့မဟုတ် အစိမ်းရောင် ဖြစ်သည်။ အလျားလိုက်အမြှောင်းကိုးခုပါရှိသည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ မြင်းခွာရွက်သည် အရသာခါးသက်သက်ရှိ၏။ စပ်ရှားရှားရှိ၏။ ချို၏။ ထက်မြက်၏။ သလိပ်ကို ပယ်တတ်၏။ အရေပြား ရောဂါ၊ ယားနာအဖုအပိမ့်များ၊ အနာပေါက်ရောဂါ၊ နူနာရောဂါတို့ကို ပျောက်ကင်းစေတတ်၏။

ဆေးဖက်ဝင်အသုံးပြုပုံ

- ကလေးများ အဆုတ်ကြောင့် ချောင်းဆိုး၊ ဖျားနာ ဖြစ်လျှင် မြင်းခွာရွက်ကို အရည်ညှစ်၍ ရင်ဘတ်ပေါ် တွင်လိမ်းပေးပါ။

- ကလေးငယ်များ အအေးမိခြင်း၊ လေပြွန်လည် ချောင်းပူခြင်း၊ ချွဲသလိပ်ထခြင်းများဖြစ်ပါက မြင်းခွာရွက်ကို အရည်ညှစ်၍ ဆားလှော်အနည်းငယ်ထည့် တိုက်ကျွေးပါက ပျောက်ကင်းစေနိုင်သည်။

- အရေပြားရောဂါ၊ ယားနာရောဂါဖြစ်သူများသည် မြင်းခွာရွက်ကို အရည်ညှစ်၍ လိမ်းကျံပေးခြင်း၊ မြင်းခွာရွက်ကို နေ့စဉ် စားပေးခြင်းဖြင့် ရောဂါများ ပျောက်ကင်းစေနိုင်သည်။

- ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ရှနာဖြစ်ရာမှ အရေပြား ရောင်ရမ်းနာကျင်လျှင် မြင်းခွာရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ကိုလိမ်းကျံပေးခြင်းဖြင့် ရောင်ရမ်းနာများ သက်သာစေနိုင်သည်။

- ဆီးရောဂါနှင့်မျက်စိရောဂါရှိသူများသည် အတွင်း စားဆေးအနေဖြင့် မြင်းခွာရွက်ကို အရိပ်တွင်နေလှန်း ပြီး ခြောက်သွေ့အောင်ပြုလုပ်ပါ။ ထိုမြင်းခွာရွက်ခြောက် ကို အမှုန့်ပြုလုပ်ပြီး ပျားရည်နှင့်ရော၍စားပါ။ သို့မဟုတ် အလုံးကလေးများပြုလုပ်၍ နေလှန်းထားပါ။ နေ့စဉ် စားသုံးပေးခြင်းဖြင့် ဆီးကောင်းစွာ သွားခြင်း၊ မျက်စိ ကြည်ခြင်း၊ မျက်စိတိမ်ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

- အဆုတ်ရောဂါ၊ ချောင်းခြောက်ဆိုးရောဂါ၊ အသက်ရှူမဝ ရောဂါဖြစ်သူများသည် မြင်းခွာရွက် အခြောက်မှုန့်ကို ချင်းခြောက်အမှုန့်ဖြင့် ၁ ချိုး ၁ ချိုး ရောစပ်ပြီး နေ့စဉ် လေးပဲသား (ဟင်းစားဇွန်း တစ်ဇွန်း)သောက်သုံးပေးပါက ရောဂါပျောက်ကင်းစေနိုင်သည်။

- သွေးတိုးရောဂါရှိသူများသည် မြင်းခွာရွက်ကို သံပရာရည်နှင့်ရော၍ ဖျော်ရည်လုပ်သောက်ပါက သွေးပေါင်တက်ခြင်းကို ထိန်းညှိပေးနိုင်သည်။

- မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်း၊ မျက်လုံးအိမ် အတွင်းမှ ပူခြင်း၊ အောင့်ခြင်းဖြစ်ပါက မြင်းခွာရွက်ကို ကြိတ်၍ အဝတ်ပါးဖြင့်ထုပ်ပြီး မျက်စိပေါ်တွင် တင်ပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။

- မြင်းခွာရွက်ကို အားဆေးအဖြစ် ပျားရည်၊ တင်လဲ၊ သကြား၊ ငှက်သိုက် စသည်တို့နှင့်ရောစပ်၍ ဆေးဖော်စားပါက အကောင်းဆုံးခွန်အားတိုးဆေးဖြစ်သည်။

- လိပ်ခေါင်းသွေးကျရောဂါရှိသူများသည် မြင်းခွာရွက်ကို ဖျော်ရည်ပြုလုပ်၍ နွားနို့နှင့်နေ့စဉ်သောက်ပေး ပါက ပျောက်ကင်းစေနိုင်သည်။

- မြင်းခွာရွက်ကို ပိုးစာရွက်နှင့်ရောပြီး တိုက်ကျွေး ခြင်းဖြင့် ဆီးချိုရောဂါရှိသူကို ဆီးချိုတက်ခြင်းမှ ထိန်း ပေးနိုင်သည်။                 

ကြည်လွင်မြင့်(မုဒြာ)