ခံယူချက်မှန်ကန်စွာဖြင့် တာဝန်ထမ်းဆောင်မည့် အလုပ်သင်ဆရာဝန် ၆၀၀ ကျော်အား ကျန်းမာရေး ဝန်ကြီးဌာနမှ ဂုဏ်ပြုကြိုဆို

ခံယူချက်မှန်ကန်စွာဖြင့် တာဝန်ထမ်းဆောင်မည့် အလုပ်သင်ဆရာဝန် ၆၀၀ ကျော်အား ကျန်းမာရေး ဝန်ကြီးဌာနမှ ဂုဏ်ပြုကြိုဆို

နေပြည်တော်  ဇူလိုင်  ၃

    သင်ကြားရေးဆေးရုံကြီးများ၌  ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ်(၂)နှင့် မွန်းလွဲပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)တို့၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားများသို့  ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆရာဝန်များ လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားသည်။

အခမ်းအနားများ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သင်ဆရာဝန်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လန်းဆန်းစာ အတူတကွသုံးဆောင်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီးသို့သွားရောက်ကာ အသစ်ဖွင့်လှစ်မည့် ခွဲစိတ်ခန်းများ ပြင်ဆင်ထားရှိမှု၊ အထူးကြပ်မတ် ကုသဆောင်များ၊ ကျောက်ကပ်သွေး သန့်စင်ခန်းများတွင် လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရန် ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

အလားတူ ဆေးတက္ကသိုလ်-မန္တလေး အလုပ်သင်ဆရာဝန်အဖြစ်   တာဝန်ထမ်းဆောင်ကြမည့် သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ်ရှိ ဆေးတက္ကသိုလ်-မန္တလေး ဇီဝက (မန်းရတနာပုံ) ခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့အတူ ဆေးတက္ကသိုလ်-မကွေး အလုပ်သင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့် သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်-မကွေး ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ အလုပ်သင်ဆရာဝန် စုစုပေါင်း ၆၀၄ ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်၍ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိ   တာဝန် ထမ်းဆောင်ကြမည်ဖြစ်ပြီး သင်တန်းကာလ ပြီးမြောက်ပါက လက်ထောက်ဆရာဝန်များ အဖြစ်  နိုင်ငံ့တာဝန်ကို  ဆက်လက် ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း  သိရသည်။