အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်၌ (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက် နိုင်ငံရပ်ခြားတွင် ခွဲစိတ်ကုသရသည့် ကုန်ကျစရိတ် အများအပြားကိုလျှော့ချနိုင်

အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်၌ (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက် နိုင်ငံရပ်ခြားတွင် ခွဲစိတ်ကုသရသည့် ကုန်ကျစရိတ် အများအပြားကိုလျှော့ချနိုင်

ယခု (၅၇)ကြိမ်မြောက်   ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင်   လူနာမှာ ရှမ်းပြည်နယ် ပြည်သူ့ဆေးရုံ နမ့်စန်မြို့မှ အသက် ၂၇ နှစ်ရှိ သူနာပြုအမျိုးသားဖြစ်ပြီး အသက် ၃၂ နှစ်ရှိ ၎င်း၏ အစ်မဖြစ်သူမှ ကျောက်ကပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို နံနက် ၉ နာရီတွင်  စတင်ကာ  မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာကျော်စိုးကျော်   ဦးဆောင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ် ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင် ဦးဆောင်သော  ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင်  ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့် သွေးကြော ခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး(ဓာတ်မှန်) ပါမောက္ခ   ဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသားသွေးဌာန ရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ သီတာအောင် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်မြို့မှ ညွှန်ကြားရေးမှူး(ဓာတ်ခွဲ) ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေး လုပ်ငန်းအဖွဲ့၊  အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)ရန်ကုန်မှ      တွဲဖက်ပါမောက္ခ (မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေနှင့်အဖွဲ့၊ အငြိမ်းစားဆေးပညာရှင်များဖြစ်သည့် ပါမောက္ခ ဒေါက်တာသန်းအေး၊ ပါမောက္ခဒေါက်တာကျော်စွာလှိုင်၊ ပါမောက္ခဒေါက်တာ ခင်မောင်ဌေး၊  ပါမောက္ခ ဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)ရန်ကုန်မှ  ခွဲစိတ်ခန်း ကျွမ်းကျင် သူနာပြု ဆရာမကြီး ဒေါ်ကေသီနွယ်နှင့်သူနာပြုများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှုကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံသားဆရာဝန်ကြီးများက ဦးဆောင်၍ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုများ အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့်  ပြည်တွင်း၌ပင်  လူနာများသည် ခွဲစိတ်ကုသမှုများ ခံယူနိုင်၍ လူနာနှင့်လူနာ၏ မိသားစုဝင်များအနေဖြင့်  နိုင်ငံရပ်ခြားတွင် သွားရောက်ခွဲစိတ်ကုသရသည့် ဆေးကုသမှု   ကုန်ကျစရိတ်အများအပြားကို လျှော့ချနိုင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်   အဆိုပါခွဲစိတ်ကုသမှုများကို  အပြည့်အဝကူညီပံ့ပိုးမှုများ ပေးအပ်လျက်ရှိသည်။

အဆိုပါ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းတို့က လာရောက် ကြည့်ရှုအားပေးပြီး လူနာအတွဲအတွက် အလှူငွေ ကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း  ပေးအပ်ခဲ့ကြောင်း သိရသည်။