မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် သွေးရောဂါလူနာများကို သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှု ဆောင်ရွက် သွေးခြင်ဆီ ပင်မကလာပ်စည်းအစားထိုးကုသမှုများအတွက် နိုင်ငံရပ်ခြားတွင် ကုသရသည့် ကုန်ကျစရိတ် အများအပြားလျှော့ချနိုင်

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် သွေးရောဂါလူနာများကို သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှု ဆောင်ရွက် သွေးခြင်ဆီ ပင်မကလာပ်စည်းအစားထိုးကုသမှုများအတွက် နိုင်ငံရပ်ခြားတွင် ကုသရသည့် ကုန်ကျစရိတ် အများအပြားလျှော့ချနိုင်

နေပြည်တော်   ဇူလိုင်  ၁၀

 

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သွေးရောဂါဌာနတွင် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း သွေးရောဂါလူနာလေးဦး သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှု(Hematopoietic Stem Cell Transplant-HSCT)ကို ဆေးတက္ကသိုလ်(၂) ရန်ကုန် ပါမောက္ခ/ဌာနမှူး (သွေးရောဂါပညာ) ပါမောက္ခ ဒေါက်တာအေးအေးကြီး ဦးဆောင်သောအဖွဲ့က အောင်မြင်စွာဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုများ၌  အပြင်းစားသွေးကင်ဆာ (Acute Myeloid Leukemia)လူနာတစ်ဦးကို ဖခင်ထံမှလှူဒါန်းသည့် ပင်မကလာပ်စည်း (Stem cell)ကို အသုံးပြု၍ သွေးခြင်ဆီ အစားထိုးကုသခြင်း (Haploidentical Allogeneic Transplant)ဖြင့် လည်းကောင်း၊ ပြန်ရည်ကျိတ်ကင်ဆာ(Lymphoma)လူနာသုံးဦးကို လူနာ၏ကိုယ်ပိုင်သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှု (Autologous HSCT)ဖြင့်လည်းကောင်း  ကုသနိုင်ခဲ့ခြင်းဖြစ်ပြီး ကုသမှုခံယူသည့် လူနာများအားလုံး ကျန်းမာလျက်ရှိသည်။

ယခင်က သွေးခြင်ဆီပင်မကလာပ်စည်း အစားထိုးကုသမှုများကို မျိုးဗီဇချင်းတူညီသည့် အမြွှာပူးအဖြစ် မွေးဖွားလာသူအချင်းချင်း အကြား၌သာဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ယခုအခါ တိုးတက်လာသည့် ဆေးပညာရပ်များအရ    မျိုးဗီဇတစ်ဝက်တူညီမှုရှိသူ (ဥပမာ-မိခင်/ဖခင်၊ သား/သမီး၊ ညီအစ်ကို/မောင်နှမ) များအကြား လှူဒါန်းသည့် ပင်မကလာပ်စည်း  (Stem cell)ကို အသုံးပြု၍   သွေးခြင်ဆီအစားထိုးကုသခြင်း (Haploidentical Allogeneic Trans-plant)ကို   ဆောင်ရွက်လာနိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး သွေးခြင်ဆီ ပင်မကလာပ်စည်း   အစားထိုးကုသမှု (Hematopoietic Stem Cell Transplant-HSCT)ကို    မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌  သွေးကင်ဆာလူနာများတွင် ၂၀၁၄ ခုနှစ်မှစတင်၍  ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လူနာ၏ ကိုယ်ပိုင် ပင်မကလာပ်စည်း  (Stem cell)ကို အသုံးပြုသော Autologous HSCT ဖြင့် သွေးရောဂါဆိုင်ရာ ကင်ဆာတစ်မျိုးဖြစ်သည့် (Myeloma)နှင့် ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) လူနာ ၁၈ ဦးနှင့် အလှူရှင်ထံမှရသော ပင်မကလာပ်စည်း(Allogeneic HSCT)ဖြင့်   အပြင်းစားသွေးကင်ဆာ (Acute Myeloid Leukemia) လူနာသုံးဦး  စုစုပေါင်း ၂၁ ဦးကို ကုသပေးနိုင်ခဲ့သည်။ ထို့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လည်း ၂၀၁၆ ခုနှစ်မှစတင်၍ သွေးခြင်ဆီပင်မကလာပ်စည်း   အစားထိုးကုသမှု (HSCT)ဖြင့် သွေးရောဂါဆိုင်ရာ ကင်ဆာတစ်မျိုးဖြစ်သည့် (Myeloma) လူနာ ၁၃ ဦးကို ကုသနိုင်ခဲ့သည်။ 

ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံသားဆရာဝန်ကြီးများက ဦးဆောင်၍ သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိခြင်း ကြောင့် လူနာနှင့်လူနာ၏ မိသားစုဝင်များ အနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ကုသရသည့် ဆေးကုသမှုကုန်ကျစရိတ်အများ အပြားကို လျှော့ချနိုင်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါကုသမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကာ အပြည့်အဝ ကူညီပံ့ပိုးမှုများ ပေးအပ်နေကြောင်း သိရသည်။