တရုတ်၏မူဝါဒများနှင့် စပ်လျဉ်း၍ မှားယွင်းဖော်ပြနေပြီး နိုင်ငံ၏ ပုံရိပ်ကို နေတိုးတပ်ဖွဲ့က ထိခိုက်စေလျက်ရှိဟု တရုတ်အစိုးရ တုံ့ပြန်

တရုတ်၏မူဝါဒများနှင့် စပ်လျဉ်း၍ မှားယွင်းဖော်ပြနေပြီး နိုင်ငံ၏ ပုံရိပ်ကို နေတိုးတပ်ဖွဲ့က ထိခိုက်စေလျက်ရှိဟု တရုတ်အစိုးရ တုံ့ပြန်

    နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံ၏ မူဝါဒများနှင့်စပ်လျဉ်း၍ မှားယွင်း ဖော်ပြနေပြီး နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေလျက်ရှိကြောင်း  ဥရောပသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့က တုံ့ပြန်လိုက်သည်။

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ အနေဖြင့် တရုတ်နိုင်ငံ၏ ကြီးထွားလာသည့် စစ်ရေး နှင့်လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် သဘော တူညီခဲ့ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ်က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံ များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ တုံ့ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင်  တရုတ်နိုင်ငံ၏ မူဝါဒသည် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများ၏ အကျိုးစီးပွား၊ လုံခြုံရေးနှင့် တန်ဖိုးထားရှိမှုများအတွက် စိန်ခေါ်မှုအဖြစ် တည်ရှိနေကြောင်း၊ သို့သော် နေတိုးတပ်ဖွဲ့အနေဖြင့် တရုတ်နှင့် အပြန်အလှန် ဆက်ဆံရန်အတွက် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဂျန်စတိုတန်ဘာ့ဂ်က ဆက်လက်ပြောကြားသည်။

သို့သော် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပူးတွဲကြေညာချက်သည် တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည့် အခြေခံအချက်များကို လျစ်လျူရှုထားကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် မူဝါဒကို မှားယွင်းစွာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ပုံရိပ်ကို ရည်ရွယ်ချက်ရှိစွာ ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ထိုသို့သော လုပ်ဆောင်ချက်မျိုးကို တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ကြောင်း ဥရောပ သမဂ္ဂဆိုင်ရာ  တရုတ်မစ်ရှင်အဖွဲ့က ပြောကြားခဲ့သည်။

ထို့ပြင်  တရုတ်နိုင်ငံသည်  နိုင်ငံ၏အချုပ်အခြာ  လုံခြုံရေးကို ကာကွယ်ရန် ဆုံးဖြတ်ထားပြီး နိုင်ငံ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိခိုက်စေသည့် နေတိုးတပ်ဖွဲ့၏ ပြောဆိုမှုများကို ငြင်းဆိုကြောင်း၊ ထို့ပြင် အင်ဒို-ပစိဖိတ်ဒေသတွင် နေတိုးတပ်ဖွဲ့၏ အင်အားဖြန့်ကြက်ခြင်းကိုလည်း ဆန့်ကျင်ကြောင်း ပြောကြားသည်။