ဘုန်းတော်ကြီးကျောင်းများနှင့် မြန်မာ့ပညာရေး

မြန်မာနိုင်ငံသားတို့၏ အတိတ်နိုင်ငံရေးသမိုင်းစဉ်သည် ပထဝီနိုင်ငံရေးရှုထောင့်အရ စိတ်ဝင်စားဖွယ်ရာ ဖြစ်သကဲ့သို့  အတိတ်ကာလ  ပညာရေးသမိုင်းစဉ် သည်လည်း အခြားသော နိုင်ငံများနှင့်မတူ ကွဲပြားသည့် အနှစ်သာရများစွာ ရှိခဲ့သည်။ အတိတ်ကာလက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှာ  နိုင်ငံသူ၊ နိုင်ငံသားတို့၏ယဉ်ကျေးမှု၊ အကျင့်စာရိတ္တ၊ အမျိုးသားရေးနှင့်   နိုင်ငံတော်ကာကွယ်ရေး စိတ်ဓာတ်တို့ကို ထိန်းကျောင်းပုံဖော်ပေးသည့် အဓိကရေသောက်မြစ်ကြီး သဖွယ်လည်း ဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများ၏ ကျေးဇူးကြောင့်  မြန်မာတို့သည် နိုင်ငံကြီးသားများအဖြစ်  ယဉ်ကျေးမှု၊ ပညာရေး၊ အမျိုးသားရေး စိတ်ထားပိုင်းတို့၌ အထက်တန်းကျသူများ ဖြစ်ခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေး စွမ်းရည်ထက်မြက်ပြီး အသက်၊ သွေး၊ ချွေးတို့ကို မတွန့်မဆုတ်ပေးဆပ်ရဲကြသူများလည်း ဖြစ်ခဲ့သည်။  အမိနိုင်ငံတော်နှင့်သာသနာတော်ကို  ကာလရှည်ကြာ တည်တံ့စေရန် သားစဉ်မြေးဆက်  အသက်ပေးထိန်းသိမ်းလိုသော အမျိုးဘာသာသာသနာချစ်စိတ် ထက်သန်မြင့်မားခဲ့ကြသည်။

သို့သော် မြန်မာနိုင်ငံသည် ၁၉ ရာစုဆန်းစကာလမှစ၍ အခြားသော ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံများနည်းတူ လှိုင်းလေထန်သော သမိုင်းဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုလှိုင်းလေထန်ခြင်းသည် သဘာဝလှိုင်းလေ မဟုတ်ဘဲ  နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို ဝါးမျိုလာသော လှိုင်းလေဖြစ်သည်။ အမှန်စင်စစ်သော်ကား အနောက်ဘက်ဆီမှ  အဖျက်အင်အားကိုဆောင်၍  လူသားချင်း ကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာ တိုက်ခတ်လာသော   ကိုလိုနီနယ်ချဲ့ဝါဒ  လှိုင်းလေများကား ယနေ့အချိန်တွင် လူ့အခွင့်အရေးဟု စကားလုံးလှလှ ရွေးချယ်သုံးစွဲပြီး  နည်းပညာအသာစီးရယူမှုဖြင့် လူသားမဆန်သော အကြောင်းခြင်းရာ လုပ်ရပ်များစွာကို ကမ္ဘာ့လူသားထုကြီးအပေါ် စာနာစိတ်ကင်းမဲ့စွာ ပြုမူကျူးလွန်ခဲ့ကြသူများ ဖြစ်သည်။

မြန်မာနိုင်ငံသား အများစုသည် တိုင်းတစ်ပါးသားတို့ လက်အောက်   ကျရောက်ခဲ့ရသည့် အချိန်မှစ၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုများမှ တစ်စတစ်စကင်းကွာ လာစေရန် လှည့်ဖျားအုပ်ချုပ်ခြင်း ခံခဲ့ကြရသည်။ ယနေ့အချိန်   အချို့သော လူငယ်လူရွယ်များ၏  အတွင်းစိတ်သဏ္ဌာန်၌  ဗုဒ္ဓယဉ်ကျေးမှုနှင့်ဆန့်ကျင်သော၊ အထင်သေးသော စရိုက်ဆိုးများ လွှမ်းမိုးကိန်းအောင်း နေကြဆဲဖြစ်သည်မှာ  သူ့ကျွန်ဖြစ်ခဲ့ရသော ကိုလိုနီအမွေဆိုးများပင် ဖြစ်သည်။ သာသနာရေး ဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံညှိနှိုင်းချက်အရ ၁၉၉၂ ခုနှစ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်မှာ ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။ ရှေးမြန်မာမင်းများ လက်ထက် ၁၈၃၁ ခုနှစ်ပတ်ဝန်းကျင်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် အင်္ဂလန်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းထက်ပင် မြင့်မားခဲ့သည်။  ထို့ကြောင့်  ထိုခေတ်က မြန်မာနိုင်ငံသည်   ဘာသာတရားကို အခြေခံသည့် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကြောင့် စက်မှုနှင့် ကုန်ထုတ်အတတ်ပညာပိုင်း၌ အားနည်းခဲ့သော်လည်း စာပေပညာနှင့်ယဉ်ကျေးမှုအပိုင်းတွင်  တိုးတက်ထွန်းကားခဲ့သည်ကား အမှန်ပင်ဖြစ်သည်။

လွတ်လပ်ရေးရပြီးစကာလ ၁၉၅၁-၁၉၅၂ ပညာသင်နှစ်တွင်လည်း ဘာသာစာရိတ္တကြံ့ခိုင်ရေးအတွက် ဗုဒ္ဓဘာသာသင်ခန်းစာများ သင်ကြားရန်  သြဝါဒ ဆရာတော်ကြီးများဖြစ်သော   အဂ္ဂမဟာပဏ္ဍိတ ညောင်ရမ်းဆရာတော် (မန္တလေးမြို့)၊ အရှင်ဇနကာဘိဝံသ မဟာဂန္ဓာရုံကျောင်း(အမရပူရ)၊ ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ဆရာတော်(ရန်ကုန်)၊ ဗဟန်းရွှေကျင်တိုက်မန်းဦးဆရာတော်(ရန်ကုန်မြို့)တို့နှင့် လူပုဂ္ဂိုလ် ၁၀ ဦးပါဝင်သော ဗုဒ္ဓဘာသာသင်ခန်းစာစီစဉ်ရေးအဖွဲ့ ကို ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက် နေ့စွဲပါ ပညာရေးဝန်ကြီးဌာန၊ ပညာရေးဌာနခွဲ(၂) ပြဋ္ဌာန်းချက်ဖြင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့သည်ကိုတွေ့ရသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်အရ ကျောင်းနေအရွယ်ရောက်သူ ကလေးငယ် (ကျား၊မ)များအား ဘုန်းတော်ကြီး ကျောင်းသို့ ပို့ဆောင်အပ်နှံကာ ပညာသင်ကြားဆည်းပူးခွင့်ပြုခဲ့သည်။

မြန်မာတို့သည် မိမိတို့ကိုးကွယ်ရာ ဘာသာတရား အဆုံးအမနှင့်အညီ မြင့်မားသော ယဉ်ကျေးမှု အစဉ်အလာများ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ အတတ်ပညာနှင့်အဆိုးအကောင်းဆင်ခြင်တုံတရား  အသိပညာ သင်ကြားပေးသူ ဆရာတို့၏ ကျေးဇူးတရားကြီးမားမှုကို အထွတ်အမြတ်ထားကြသည်။  ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ကို အနန္တောအနန္တငါးပါးအဖြစ် မှတ်ယူကိုးကွယ်သည်။ ဆရာဟူသည်၊ တူညီနှိုင်းဆို၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသည့် ကျေးဇူးတရား၊ ဘုရားနှင့်နှိုင်း၊ တစ်ဂိုဏ်းတည်းပြ၊  အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဟူ၍ ဖွင့်ဆိုဖော်ကျူးဂုဏ်ပြုကြသည်။ ဆရာသည် တပည့်တို့ကို တတ်သိလိမ္မာလာအောင် ပညာဖြင့် အလှဆင်ပေးရာ၌ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတို့ကို ကောင်းစွာသင်ကြား လမ်းညွှန်ပြသပေးရုံမျှသာမက တပည့်တို့၏အကျိုးကို လိုလားစွာဖြင့် ဆုံးမသွန်သင်ပဲ့ပြင်မှု ကိုလည်း  ကောင်းစွာပြုကြရသည်များကို ဘုန်းတော်ကြီးကျောင်းပညာရေး ခေတ်များကတည်းက စံနမူနာကောင်းပြသခဲ့ကြသည်။

မြန်မာနိုင်ငံသားတို့သည်    နယ်ချဲ့ဗြိတိသျှတို့ လက်အောက်တွင် နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်အဖြစ်   နေထိုင် ဖြတ်သန်း ခဲ့ကြရသည့်  ကာလတစ်လျှောက်လုံး နယ်ချဲ့တို့၏ရည်ရွယ်ချက်ရှိရှိ ပညာသားပါပါဖြင့် အမျိုးဘာသာကို မြတ်နိုးခြင်းမှ သန္ဓေတည်သော မျိုးချစ်စိတ်ထားများ မှေးမှိန်ကွယ်ပျောက်စေရန်  အစဉ်တစိုက်ကြိုးပမ်း လုပ်ဆောင်ခဲ့မှုများကို မြန်မာနိုင်ငံသား ဘိုးဘွားတို့  ကြံ့ကြံ့ခံကာကွယ်ခဲ့ကြရခြင်းဖြစ်သည်။  ဖိနှိပ်ချုပ်ချယ်မှု မျိုးစုံပြုလုပ်၍ ၎င်းတို့၏ ယဉ်ကျေးမှုများနှင့် ဘာသာအယူဝါဒများ အတင်းအကျပ် ရိုက်သွင်းခံခဲ့ကြရသော်လည်း ပတ္တမြား

မှန်နွံတွင်နစ်ရိုးထုံးစံမရှိ ဆိုသည်ကဲ့သို့သော မြန်မာနိုင်ငံသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်စိတ်ဓာတ်သည်ကား ယုတ်လျော့ မှေးမှိန်သွားခြင်း အလျဉ်းမရှိခဲ့ချေ။

အရေးကြီးချိန်တွင်  သွေးနီးခဲ့ကြပြီး  အမျိုးဂုဏ်၊ ဇာတိဂုဏ်စိတ်ဓာတ်ဖြင့်   တိုင်းရင်းသားစည်းလုံး ညီညွတ်မှု အင်အားသစ် တစ်ရပ်ကို    ပြန်လည်တည်ဆောက်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် နယ်ချဲ့တို့ကို  အမိမြေပေါ်မှ  အပြီးတိုင် မောင်းထုတ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ရပ်အဖြစ် ပြန်လည်ရှင်သန် ရပ်တည်လာနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဤယနေ့အချိန်တွင် ပညာရည်အဆင့်အတန်းမြင့်မားရေး၊  တိုးတက်ခေတ်မီရေးမှာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက်  အဓိက ဦးစားပေးကဏ္ဍဖြစ်နေသည်။ ကမ္ဘာ့ပညာရေးအယူအဆများ၊ အရည်အသွေးနှင့် နည်းစနစ်များနှင့်အမီ မိမိတို့၏ ပညာရေးစနစ်ကိုလည်း တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။   သို့သော်လည်း  မိမိနိုင်ငံသားတို့၏ ယဉ်ကျေးမှု၊ တိုင်းရင်းသားလူမျိုးတို့၏ စရိုက်လက္ခဏာတို့နှင့်  ဆန့်ကျင်ဖီလာဖြစ်နေသော အယူအဆများ၊ နည်းစနစ်များကိုမူ သတိပြုရှောင်ကြဉ်ကြရန် လိုပေသည်။ ကမ္ဘာ့နိုင်ငံ အသီးသီး၌   ပြောင်းလဲလက်ခံကျင့်သုံးနေသော သင်ကြား၊ သင်ယူမှုခံယူချက်နှင့် ရည်ရွယ်ချက်များကို အမြဲတစေ လေ့လာဆန်းစစ်သုတေသန ပြုလုပ်ပြီး မြန်မာမှု စရိုက်လက္ခဏာနှင့်အညီ လက်ခံကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ပိုမိုအကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မည့် ပညာရေးစနစ်သစ် တစ်ရပ်ကို တီထွင်ကြံဆနိုင်ရမည် ဖြစ်သည်။

သို့မှသာ  နိုင်ငံသူ၊ နိုင်ငံသား  အနာဂတ်လူငယ် မောင်မယ်များသည် အမျိုး ဘာသာ သာသနာကို မြတ်နိုးတန်ဖိုးထား စိတ်ထက်သန်မှုနှင့်အတူ မိမိနိုင်ငံသားအားလုံးနှင့် ကမ္ဘာ့လူသားထု ဝန်းကျင်တစ်ရပ်လုံး အပေါ်၌သာမက သက်ရှိသတ္တဝါတိုင်း အပေါ်၌လည်း    မိမိနှင့်မခြား ကိုယ်ချင်းစာနာစိတ်ထားရှိသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်တရားလေးပါး ဟန်ချက်ညီ ဖွံ့ဖြိုးဖြစ်တည်လာကြမည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် အမျိုးသားရေးစိတ်ထားများ နိမ့်ပါးယုတ်လျော့ခြင်းမရှိဘဲ အောင်မြင်တိုးတက်လိုစိတ်၊ ဆန်းသစ်တီထွင်လိုစိတ် များနှင့်အတူ လူသားဝန်းကျင် တစ်ရပ်လုံးအတွက်   ခွင့်တူညီမျှငြိမ်းချမ်းမှု ဖော်ဆောင်ပေးနိုင်သော ခေတ်သစ်အမျိုးသား

ပညာရေးစနစ်ကို ဖော်ဆောင်အောင်မြင်နိုင်မည်ဟု သုံးသပ်မိပါသည်။

လူ့အဖွဲ့အစည်းများ၏ ဆန္ဒများ၊ တပ်မက်မှုများက ထိုလူ့အဖွဲ့အစည်း၏  ယဉ်ကျေးမှုအဆင့်အတန်းကို ဖြစ်ပေါ်စေခြင်းဟု ယူဆကြသည်။   ဗုဒ္ဓဘုရားရှင်က ဝိမုတ္တိရသနှင့်သန္တိသုခ(လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး)ထက် မြင့်မြတ်သော လူသားဝန်းကျင်မရှိကြောင်း ဟောကြားဆုံးမတော်မူခဲ့သည်။   ထိုအဆုံးအမက ညွှန်ပြလျက်ရှိသော ယဉ်ကျေးမှု ရည်မှန်းချက်အနှစ်သာရသည် ဟီရိသြတ္တပ္ပလောကပါလတရားကို အခြေပြုသော အနှစ်သာရပြည့်ဝ၍ အဆင့်အတန်း မြင့်မားသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ ယနေ့အချိန် လူသားထု တစ်ရပ်လုံး၏ တောင်းဆိုချက်၊ ပကတိလိုလားချက် ဆန္ဒများသည်လည်း လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ရည်မှန်းချက်များပင်ဖြစ်သည်။

ထို့ကြောင့်ပင် လောကပါလတရားကို အခြေပြုသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများသည် အတိတ်ကာလ၌   မြန်မာနိုင်ငံသားတို့၏ အတတ်ပညာနှင့် အသိပညာ ဖြန့်ဖြူးပေးရာ အဓိကဌာနကြီးများ ဖြစ်ခဲ့သကဲ့သို့  ယနေ့ခေတ်တွင်လည်း အမျိုးကိုချစ်မြတ်နိုးခြင်း၊ ဘာသာကိုလေးစားခြင်း၊ သာသနာကိုချီးမြှင့်ခြင်း၊ ပညာကို အားပေးခြင်းတို့ဖြင့်  အမျိုးသားယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာရေးအတွက် ပဓာနကျသော အရင်းအမြစ် များအဖြစ် ရှင်သန်ဖြစ်တည်နေဆဲပင် ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ခွင့်တူညီမျှ သန့်ရှင်းမျှတသော   ယဉ်ကျေးမှုတစ်ရပ်ရင့်ကျက် မြင့်တက်လာသည်နှင့်အမျှ စစ်ပွဲများ၊  ပဋိပက္ခများ အလိုလိုယုတ်လျော့သွားမည်ဖြစ်ရာ   ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၏   ဖြစ်တည်နေမှုမှာ မြန်မာနိုင်ငံအတွက်သာမက   ကမ္ဘာ့လူသားထုကြီး တစ်ရပ်လုံးအတွက်ပါ အကျိုးကျေးဇူး များလှသည်ကို သုံးသပ်တွေ့မြင်နိုင်ကြပေသည်။

ယနေ့ကာလသည်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ  တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအတွက် အတတ်နှင့်အသိပညာ နှစ်ရပ်မြင့်မားမှုနှင့်အတူ စစ်မှန်၍ထက်သန်သော မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်နေရန် လိုအပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော  ကမ္ဘာ့နိုင်ငံရေး မျက်နှာစာများ၌ အတတ်ပညာတည်းဟူသော လက်နက်နည်းပညာ အသာစီးရယူမှုဖြင့် ကျွန်ပြုစိုးမိုးခြင်းများ ရှိနေသကဲ့သို့ အသိပညာတည်း ဟူသော စိတ်ဓာတ်နှင့်ဘက်စုံစစ်ပွဲ စစ်ဆင်ရေး အတတ်ပညာ အသာစီးရယူမှုဖြင့် ဝါဒဖြန့်သိမ်းသွင်း ကျွန်ပြုစိုးမိုးခြင်းများ ပိုမိုအားကောင်းလာနေ၍ဖြစ်သည်။ နိုင်ငံတော်တစ်ရပ်၏ နိုင်ငံ့ကာကွယ်ရေး လုပ်ငန်းများကို ကျေပွန်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်မှာလည်း  စစ်ရေးနည်းလမ်းတစ်ခုတည်းဖြင့် လုံလောက်နိုင်မည် မဟုတ်သည်ကို သိမြင်နားလည်ထားကြရန်  လိုအပ်လာသည်။  သံခင်းတမန်ခင်း၊ သံတမန်ပရိယာယ်၊ လူမှုဆက်ဆံရေးပရိယာယ် စသည့် နယ်ပယ်စုံတွင်  ဟန်ချက်ညီလုပ်ဆောင်နိုင်သော အသိပညာနယ်ပယ် မြင့်မားဖွံ့ဖြိုးလာရန်လည်း လွန်စွာ အရေးကြီးပေသည်။ သို့မှသာ နိုင်ငံသားတိုင်းအနေဖြင့် '' Diplomacy is the first line of Defence'' ဟူသည့်အတိုင်း သံခင်းတမန်ခင်း၊  နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် အသိပညာမြင့်မားစွာ နိုင်ငံတော်အရေးတာဝန်ယူကြရသည့် နယ်ပယ်မျက်နှာစာအသီးသီးတွင် ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်နိုင်ကြမည် ဖြစ်သည်။

စာရေးသူအနေဖြင့် အတတ်ပညာအသာစီးရယူမှုဖြင့်ကျွန်ပြုခံရလျှင် အချိန်ပိုင်းတစ်ခုခုတွင်ပြန်လည် လွတ်မြောက်နိုင်ခွင့် ရှိသော်လည်း အသိပညာ အသာစီးရယူခြင်းဖြင့် ကျွန်ပြုခံရလျှင်မူ အမြဲထာဝရကျွန်ပြုခြင်း ခံရမည် ဟု မှတ်ယူမိပါသည်။  ထို့ကြောင့် အတိတ်သမိုင်းစဉ်၌သာမက ယနေ့လက်ရှိအချိန်ကာလထိတိုင် မြင့်မားသည့် အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ယဉ်ကျေးမှုနှင့် အသိပညာဖြန့်ဝေရာ မူလအစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သော၊ ဖြစ်နေဆဲဖြစ်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ အစဉ်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် ကျွန်ုပ်တို့အားလုံးက အထူးအလေးအနက်ပြု ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်သာ ဖြစ်ပါသည်။  ။

ဘုန်းရဲနိုင်(ဂန့်ဂေါ)