အမေရိကန်ကို ခြိမ်းခြောက်လာသည့် တရုတ်နိုင်ငံ၏ Guam-killer ဒုံးကျည်

အမေရိကန်ကို ခြိမ်းခြောက်လာသည့် တရုတ်နိုင်ငံ၏ Guam-killer ဒုံးကျည်

    တရုတ်နိုင်ငံသည် အစိုးရက ချမှတ်ထားသည့် ကာကွယ်ရေးစွမ်းအား တိုးမြှင့် ရေးအစီအစဉ်များကို  ဆက်လက်ဖော်ဆောင်လျက်ရှိရာ ယခုအခါ တရုတ်အစွမ်းထက် လက်နက်များသည် အမေရိကန်အပါအဝင်  အနောက်နိုင်ငံများကိုပင် ခြိမ်းခြောက်လာသည့်   အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။ အစွမ်းထက် လက်နက်များအနက်  လေယာဉ်တင် သင်္ဘောဖျက်ဒုံးကျည်ဟု အမည်ပေးထားသည့်  တရုတ်၏ DF-26  ဒုံးကျည်များသည် လတ်တလော ထုတ်လုပ်ထားသည့် ဒုံးကျည်အသစ်များ မဟုတ်သော်လည်း ယင်းဒုံးကျည်များမှာ သမားရိုးကျနှင့် နျူကလီးယားထိပ်ဖူးများကို သယ်ဆောင်ပစ်ခတ်နိုင်သည်။ ထို့ပြင် မြေပြင်ပေါ်ရှိ ပစ်မှတ်များကိုသာမက  ပင်လယ်ပြင် အတွင်းရှိ ပစ်မှတ်များကိုပါ တိုက်ခိုက်ဖျက်ဆီး နိုင်စွမ်းရှိသည်။ တရုတ်နိုင်ငံသည် အဆိုပါ  လေယာဉ်တင်သင်္ဘောဖျက်ဒုံးကျည်များကို အမေရိကန်ရေတပ် သင်္ဘောများအား   အဓိကပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

DF-26 ဒုံးကျည်များသည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်တို့၏ စစ်အခြေစိုက်စခန်းများ အထိ ပစ်ခတ်နိုင်ခြင်းကြောင့် ယင်းဒုံးကျည်များကို တရုတ်စစ်ဘက် Guam-killer ဒုံးကျည်ဟု အမည်ပေးထားသည်။ ယင်းဒုံးကျည်များသည် ပျံသန်းလာသည့် ရန်သူ့ဒုံးကျည်များအား လမ်းတစ်ဝက်တွင် ကြားဖြတ်တားဆီး နိုင်သည့်အပြင် ရပ်ဝေးစစ်ဆင်မှုတွင် များစွာအရေးပါလှသည့် လေယာဉ်တင်သင်္ဘောများကဲ့သို့သော ရွှေ့လျားနေသည့် ပစ်မှတ်များကိုပါ   ပစ်ခတ်တိုက်ခိုက်နိုင်သည်ဟု Global Times သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ထို့ပြင် မြေပြင်အခြေပြု DF-26 ဒုံးကျည်များသည် အမေရိကန်ပြည်ထောင်စု ဂူဟမ်ကျွန်းတွင် အခြေစိုက်ထားသည့် လေယာဉ်တင်သင်္ဘောအုပ်စုကို တိုက်ခိုက်နိုင်မည့် အလားအလာရှိသည်။

တရုတ်နိုင်ငံသည်  DF-26  ဒုံးကျည်များကို   အမေရိကန်ပြည်ထောင်စု၏ တာတိုပစ် ဒုံးကျည်များ၏  အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက်  ပြည်တွင်းရှိ ကုန်းတွင်းပိုင်းတွင်လည်း ဖြန့်ကြက်ခဲ့သည်။ တရုတ်နိုင်ငံအတွင်း၌ ဖြန့်ကြက်ထားသည့် အဆိုပါဒုံးကျည်များသည် တရုတ်ကမ်းရိုးတန်းမှ မိုင်ပေါင်း ၁၀၀၀ အထ ဝေးကွာသည့်  အမေရိကန်စစ်ရေယာဉ်များကို ပစ်ခတ်နိုင်မည်ဖြစ်သောကြောင့် အမေရိကန်အား   ခြိမ်းခြောက်လာနိုင်သည့်  လက်နက်စနစ်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ပြင် DF-26 ဒုံးကျည်၏ဦးပိုင်းသည် double cone ပုံစံရှိပြီး ဆူးတောင်ကဲ့သို့သော ပျံသန်းမှုထိန်းချုပ်ရေး စနစ်များရှိသောကြောင့်  ရန်သူနိုင်ငံ  သို့မဟုတ် ပြိုင်ဘက်နိုင်ငံများရှိ ပစ်မှတ်ကိုရှာဖွေရာတွင် ပိုမိုထိရောက်မှုရှိနိုင်သည်။ တရုတ်နိုင်ငံသည်  အဆိုပါဒုံးကျည်ကို အသုံးပြုကာ အမေရိကန်ပြည်ထောင်စုရှိ စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်သည့် ဗီဒီယိုပြကွက်တစ်ခုအား ထုတ်ဖော်ပြသခဲ့သည်။ တရုတ်စစ်ဘက်က အဆိုပါလက်နက်စနစ်ကို အသုံးပြုကာ သရုပ်သဏ္ဌာန်တူ စစ်ရေးလေ့ကျင့်မှုများ  လုပ်ဆောင်ခဲ့ခြင်းသည် တရုတ်ဒုံးကျည်များက   အမေရိကန် ပြည်ထောင်စုအထိ  ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း  အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် အနာဂတ်တွင် ထွက်ပေါ်လာနိုင်သည့် မသေချာမရေရာမှုများ အတွက်   ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြေပြင်အခြေပြု ပဲ့ထိန်းဒုံးကျည် (ground-launched ballistic missile)နှင့်မြေပြင်အခြေပြု ခရုစ်ဒုံးကျည်(ground-launched cruise missile) အစင်းပေါင်း ၁၂၅၀ ကျော်ကို ဖြန့်ကြက်ထားပြီး ဖြစ်ပါသည်။ အဆိုပါဒုံးကျည်များသည် အကွာအဝေးအားဖြင့် ၅၀၀ ကီလိုမီတာနှင့် ၅၅၀၀ကီလိုမီတာကြား အထိ ပစ်ခတ်နိုင်သည်။ အမေရိကန်ပြည်ထောင်စုသည် လက်ရှိတွင် အကွာအဝေး ၇၀ ကီလိုမီတာမှ ၃၀၀ကီလိုမီတာကြား အထိသာ ပစ်ခတ်နိုင်သည့် မြေပြင်အခြေပြုဒုံးကျည် တစ်မျိုးတည်းကိုသာ ဖြန့်ကြက်ထားနိုင်ပြီး မြေပြင်အခြေပြု ခရုစ်ဒုံးကျည်များကိုမူ ဖြန့်ကြက်နိုင်သည့် အခြေအနေ မရှိသေးသည်ကို တွေ့ရသောကြောင့် တရုတ်၏ အစွမ်းထက်လက်နက်များသည်  အမေရိကန်အတွက် စိုးရိမ်မကင်းဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင်  တရုတ်နိုင်ငံသည်  ပေါင်းစည်းလေကြောင်းကာကွယ်ရေး   စနစ်များ (Integrated air defense systems) ကိုလည်း ထုတ်လုပ်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေး စနစ်အဆင့်မြှင့်တင်ရေး ဖော်ဆောင်မှုကြောင့် ယင်းနိုင်ငံသည် ယခုအခါကမ္ဘာပေါ်တွင် စွမ်းဆောင်ရည် အမြင့်မားဆုံးနှင့် အကြီးမားဆုံးသော တာဝေးပစ်ဒုံးကျည် စနစ်များကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီဖြစ် သည်။ အဆိုပါ ဒုံးကျည်စနစ်များတွင် ရုရှားနိုင်ငံမှ ထုတ်လုပ်ထားသည့်   S-300နှင့် S-400  အမျိုးအစား ဒုံးကျည်များ အပါအဝင် ပြည်တွင်းဖြစ် ဒုံးကျည်စနစ်များလည်း ပါဝင်လျက်ရှိသည်။