သရဏဂုံပန်း အစဉ်လန်း ဆင်မြန်းပန်စေလို

သရဏဂုံအဓိပ္ပာယ်မှာ ဘေးရန်ဖယ်ရှား ကောင်းကျိုးများအောင်၊ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်အောင် စောင့်ရှောက်တော် မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်အားထားရာဟူ၍ အလေးအနက် အသိအမှတ်ပြု ယုံကြည်ခြင်း၊ ကိုးကွယ်အားထားခြင်းသည် သရဏဂုံမည်ပေသည်။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ရွတ်ဆို၍ ခံယူကိုးကွယ်သူသည် သရဏဂုံတည်သူမည်သည်။ စေတီရုပ်ပွားဘုရားထံ၌ ဖြစ်စေ၊ ရဟန်းသံဃာတော်များထံ၌ဖြစ်စေ မည်သူမဆို “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ရွတ်ဆိုရုံမျှဖြင့် သရဏဂုံတည်သူ၊ အမြင်မှန်ရှိ သူတစ်ဦးဖြစ်လာတော့၏။ အသက်မသေသေးသမျှ၊ အခြားအယူဝါဒသို့ မကူးပြောင်းသေးသမျှ ထိုသရဏဂုံ သုံးပါးသည် သရဏဂုံတည်သူအား ဘေးရန်ဖယ်ရှား ကောင်းကျိုးများအောင်၊ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်အောင် အမြဲစောင့်ရှောက် ပေးနေမည်သာ ဖြစ်ပေသည်။

သရဏဂုံဗုဒ္ဓါနုဿတိ တန်ခိုးကြောင့် ဘီလူးအစားခံရခြင်း ဘေးမှလွတ်မြောက်ပြီး ပြည့်ရှင်မင်း၏ ချီးမြှောက်ခြင်းခံရသော အကြောင်းအရာတစ်ခုကို ဖော်ပြလိုသည်။ ရာဇဂြိုဟ်ပြည်တွင် ဗိမ္ဗိသာရမင်းကြီးအုပ်ချုပ်နေချိန်ဖြစ်သည်။ ထိုမြို့၌ ဘုရားကိုကိုးကွယ်သော လူငယ်နှင့် ဘုရားကိုမကိုးကွယ်သော လူငယ်နှစ်ယောက်ရှိကြသည်။ သူတို့နှစ်ဦးသည် သူငယ်ချင်းများ ဖြစ်ကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် အတူတကွကစားလေ့ရှိသည်။ သူငယ်ချင်း နှစ်ယောက်တို့ ခုံညင်းဒိုးကစားလေ့ရှိရာ ဘုရားကိုးကွယ်သော သူငယ်သည် ကစားတိုင်း နမောဗုဒ္ဓဿ ဟုဆို၍ ကစားလေ့ရှိသည်။ ကစားပွဲတိုင်းမှာ အနိုင်ရသည်။ ကြာလာသောအခါ ဘုရားမကိုးကွယ်သော သူငယ်က နမောဗုဒ္ဓဿ ကို သူလည်းရအောင်ကျက်ထားသည်။ တစ်နေ့သောအခါ  ထိုဘုရားမကိုးကွယ်သော သူငယ်သည် တောသို့ ထင်းခုတ်သွားသော ဖခင်နှင့်အတူ လိုက်သွားသည်။

ထင်းခုတ်ပြီး ပြန်အလာ မြို့ပြင်သုသာန်အနီးတွင် လှည်းဖြုတ်ပြီး စားသောက်အပန်းဖြေနားနေကြသည်။

နွားနှစ်ကောင်ကိုလည်း ကြိုးဖြေပြီး စားကျက်တွင်လွှတ်ထားရာ ညနေတွင် ထိုနွားများမှာ မြို့တွင်းသို့ ဝင်သွားသဖြင့် ဖခင်ဖြစ်သူက နွားများကို မြို့တွင်းသို့ ဝင်ရောက်ရှာဖွေသည်။

နွားနှစ်ကောင်ဆွဲ၍ ပြန်အလာတွင် မြို့တံခါးမှာ ပိတ်ထားပြီးဖြစ်၍ မြို့ပြင်သို့ ထွက်ခွင့်မရတော့ပေ။

သားငယ်သည် ဖခင်ကိုမျှော်ရင်း ထမင်းကလည်း ဆာလာသည်။ မိုးက ချုပ်သည်ထက်ချုပ်လာသည်။ သုသာန်အနီးဖြုတ်ထားသော လှည်းအောက်မှာပင် အိပ်ပျော်သွားတော့သည်။ ညဉ့်နက်လျှင် အစာရှာထွက်လာသော ဘီလူးကြီးနှစ်ကောင်သည်  အိပ်ပျော်နေသောသူငယ်ကို တွေ့၍ ဝမ်းသာအားရ စားရန်ဟန်ပြင်နေကြသည်။

ဘီလူးတစ်ကောင်က ကလေးခြေထောက်ကို လှမ်းဆွဲလိုက်သည်။ ကလေးမှာ ကယောင်ကတမ်းဖြင့် နမောဗုဒ္ဓဿဟု လန့်ပြီးအော်လိုက်ရာ ဘုရားဟူသောအသံကြောင့် ဘီလူးများ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားကြသည်။

ထို့ကြောင့် ထိုသူငယ်ကို ဘီလူးတို့ တစ်ညလုံးစောင့်ရှောက်ကြရသည်။ ကလေးထမင်းမစားရသေးမှန်းသိ၍ မြို့တွင်းသို့ဝင်ကာ ရှင်ဘုရင်စားသောရွှေခွက်ကို ထမင်းအပြည့်ထည့်ယူလာခဲ့ပြီး မိဘနှစ်ပါးယောင်ဆောင်၍ သူငယ်ကို ထမင်းကျွေးကြသည်။ နောက်တစ်နေ့မိုးလင်းသောအခါ ဗိမ္ဗိသာရမင်း၏ မင်းချင်းတို့သည် ရွှေခွက်ပျောက်ရှာပုံတော်ဖွင့်ကြရသည်။ နောက်ဆုံးတွင် ထင်းလှည်းပေါ်မှရွှေခွက်ကို တွေ့ရသဖြင့် ထိုသူငယ်ကို ဖမ်းဆီးပြီး မင်းကြီးထံအပ်ကြသည်။ သူငယ်က မိဘတို့လာကျွေး၍ စားရသည်။ မိဘနှစ်ဦးလုံးအနားမှာရှိနေ၍ စိတ်ချလက်ချ အိပ်ပျော်သွားသည် ဟုဖြေသည်။ မိဘတို့ကိုမေးသောအခါ သူတို့ဇနီးမောင်နှံမှာ ညကမြို့ထဲမှာပင် ရှိနေကြောင်း သက်သေပြနိုင်ကြသည်။

မင်းကြီးလည်း အထူးစိတ်ဝင်စားသဖြင့် ရွှေခွက်ကို လှမ်းယူကြည့်လိုက်ရာ ရွှေခွက်ပတ်ပတ်လည်တွင် မင်းကြီးသာမြင်သာစေရန် နတ်တို့တန်ခိုးဖြင့် ရေးသားထားသော စာများကို တွေ့မြင်ရသည်။ အဖြစ်အပျက်မှန်ကို ဖတ်လိုက်ရသည့်အတွက် လွန်စွာအံ့သြဝမ်းမြောက်သွားသည်။ ဤအဖြစ်အပျက်မှာ ရှေးမြန်မာကြီးများ လက်ဆင့်ကမ်းပြောပြသော ဖြစ်ရပ်မှန်ဖြစ်သည်။ ထိုအကြောင်းအရာကိုပင် ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်စာအုပ်တွင် ရေးသားဖော်ပြထားသည်။

သရဏဂုံ တကယ်မြဲရင်၊ အပါယ်ငရဲကြောက်ဖို့မလို။ နတ်ဖြစ်သော်ပင် တူနိုင်ရိုးလား၊ ဆယ်မျိုးဂုဏ်စု သူ့ထက်ပို။ ငါးဖြာအာရုံ လာမတုနှင့်၊ အာယု ဝဏ္ဏ သုခဆို။ အာဏာပိုင်စိုး၊ ခြွေရံတိုး၊ ဆယ်မျိုးဂုဏ်ကဲမို။

အဲဒါကြောင့် သရဏဂုံပန်း အစဉ်လန်း ဆင်မြန်းပန်စေလို ဟူ၍ သရဏဂုံမြဲလျှင် ရမည့်ကောင်းကျိုးတရားများကို ဖော်ပြထားသည်။ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်၊ တရားတော်များကို ယုံကြည်သက်ဝင် ဆင်ခြင်ပွားများ နေမည်ဆိုပါက မကောင်းသော ဘေးရန်များမှ လွတ်မြောက်သည်မှာ အမှန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။