မွေးရာပါခါးရိုးကောက်သော လူနာများနှင့် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုများကို အရိုးရောဂါအထူးကု ဆေးရုံကြီးများတွင် အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိ

မွေးရာပါခါးရိုးကောက်သော လူနာများနှင့် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုများကို အရိုးရောဂါအထူးကု ဆေးရုံကြီးများတွင် အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် ဇူလိုင် ၁၆
ကျန်းမာရေး ဝန်ကြီးဌာန၊ကုသရေးဦးစီးဌာန အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆောင်တွင် အရိုးရောဂါ အထူးကုဆေးရုံကြီး-ရန်ကုန်မှ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာသိန်းအောင်ကျော်၊ ဒေါက်တာ ရှိန်းမြင့်ဟန် အထူးကု ဆရာဝန်များဖြစ်ကြသော ဒေါက်တာနိုင်လင်းဦး၊ ဒေါက်တာကျော်လင်းလင်းတို့နှင့် ဆွစ်ဇာလန်နိုင်ငံ Swiss Spine Foundation မှ ကျောရိုး ခွဲစိတ်ဆရာဝန် ပါမောက္ခ ဒေါက်တာကံမင်းတို့ ပူးပေါင်း၍ဇွန် ၁၂ ရက်မှ ၁၆ ရက်ထိ မွေးရာပါ ခါးရိုးကောက်သောရောဂါ(Scoliosis) လူနာ (၁၂)ဦးကို ခါးရိုးပြန်လည်တည့်မတ် ကုသခြင်း ((Pedicle Screws and Rods Posterior Fixation) ကို အောင်မြင်စွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခါးရိုးကောက်သောရောဂါ ကုသခြင်းများကို ခုတင်(၃၀၀)ဆံ့ အရိုးရောဂါ အထူးကုဆေးရုံကြီး-ရန်ကုန်တွင် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်မှ ကျောရိုးခွဲစိတ် အထူးကု ဆရာဝန်များကိုယ်တိုင် လုပ်ဆောင်၍ လည်း ကောင်း ၊ နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ် အထူးကု ဆရာဝန်များကို ဖိတ်ခေါ်၍ လည်း ကောင်း ဆောင်ရွက်လျက်ရှိရာ (၂၀၀၅)ခုနှစ်မှ စ၍ တစ်နှစ်လျှင်ပျမ်းမျှ(၁၂)ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီးယနေ့အထိ စုစုပေါင်း ခါးရိုးကောက်သော ရောဂါ လူနာ (၂၀၀)ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်သည်။
မွေးရာပါခါးရိုးကောက်သော ရောဂါ (Scoliosis)ကို ငယ်ရွယ်စဉ်အချိန်တွင် ဆောလျင်စွာ ကုသမှုခံယူပါက ပိုမို၍ကျောရိုးကွေးကောက်လာခြင်း မဖြစ်နိုင်တော့ဘဲ ကုသမှုခံယူပြီးပါက ပြန်လည်၍ တည့်မတ်နေသော ကျောရိုးကြောင့် ငယ်ရွယ်စဉ် အချိန်ကာလများတွင် ရှက်ရွံ့အားငယ်မှုများ ကင်းဝေးစေပြီး မိမိကိုယ်ကို ယုံကြည်စွာဖြင့် လှုပ်ရှား သွားလာနိုင်စေမည်ဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါတွင် ကျောရိုး ကျီးပေါင်းရောဂါ ဖြစ်ပေါ်လာစေမှုမှ သက်သာ စေမည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသား ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် Swiss Spine Foundation တို့ပူးပေါင်းဆောင်ရွက်၍ နည်းပညာရပ်များ ဖလှယ်နိုင်မှုမှတစ်ဆင့် ခက်ခဲသောကျောရိုးပိုင်း ဆိုင်ရာရောဂါများကို နိုင်ငံတကာ အဆင့်မီ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခြင်းနှင့် ကျောရိုးခွဲစိတ် ကုသမှုနည်းစနစ်နှင့် အသိပညာများ အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကို ရရှိစေမည်ဖြစ်သည်။
ကျောရိုးပိုင်းဆိုင်ရာခွဲစိတ် ကုသမှုများကို မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေးတို့တွင်လည်း ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေး၌ ခါးဆစ်ကျွံရောဂါများ၊ ခါးရိုးကျီးပေါင်းတက်ရောဂါများ၊ လည်ပင်းရိုး ကျီးပေါင်းတက်ရောဂါများ၊ ခါးရိုးတီဘီရောဂါများကို ကုသပေးလျက်ရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောရိုးထိခိုက် ဒဏ်ရာရ လူနာများကို ခွဲစိတ်ကုသပေးလျက် ရှိကြောင်း သိရသည်။