ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံ (အင်းစိန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံ (အင်းစိန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင်  ၁၇

    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) မြွေဆိပ် ဖြေဆေး ထုတ်လုပ်ရေးဌာနသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံစက် တပ်ဆင်ပြီးစီးမှုနှင့်    စက်စမ်းသပ် လည်ပတ်မည့် အခြေအနေများကို    ရှင်းလင်းတင်ပြသည်။

 ပြည်ထောင်စုဝန်ကြီးက မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံစက်ကို သတ်မှတ်ထား သည့်အချိန်တွင် ပြီးစီးအောင်ဆောင်ရွက်ရန်၊ စက်တပ်ဆင်ခြင်း၊ စမ်းသပ် လည်ပတ်ခြင်းများကို  သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင်ဆောင်ရွက်ရန်၊ မြွေဆိပ်ဖြေဆေး  အေးခဲအခြောက်ခံစက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်အသုံးပြုနိုင်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက်  ဝန်ထမ်းများကိုလေ့ကျင့်သင်ကြားပေးရန်နှင့် နည်းပညာ လွှဲပြောင်းရယူနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး အေးခဲအခြောက်ခံစက် အထိုင်ချ တပ်ဆင်ပြီးစီးမှုနှင့် မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေသည့် လုပ်ငန်းအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေး ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်သူလူထုအတွက် လိုအပ်သော ဆေးဝါးများကို ပိုမိုထုတ်လုပ်နိုင်ရေး အတွက် ထုတ်လုပ်မှု စီမံခန့်ခွဲမှုစနစ် (Production Management System)နှင့် ထုတ်လုပ်မှုစီမံခန့်ခွဲမှု အစီအမံ   (Production Management Plan)တို့ကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲ စီမံဆောင်ရွက်ရန်၊ ထိုသို့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင်  ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်မည့် လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ နည်းစဉ်၊ အရည်အသွေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရန် မှာကြားပြီး ဆောင်ရွက်ရမည့်   လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသည့်   ဝန်ထမ်းများ၏ မေးမြန်းချက်များကို အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)၏ စက်ရုံ အထိမ်းအမှတ်ပြခန်း တည်ဆောက် ပြီးစီးမှု အခြေအနေကို   လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။