အိုဘားမား၏နာမည်ကြီးမဲ ၆၉ ဒသမ ၉ သန်းကိုကျော်ပြီး စံချိန်တင်မဲ ၇၄ သန်းဖြင့် သမ္မတဖြစ်လာသည့် ဂျိုးဘိုင်ဒင်

နိုဝင်ဘာ ၃ ရက်တွင် စတင်ကျင်းပခဲ့သော အမေရိကန်သမ္မတ ရွေးကောက်ပွဲက သမိုင်းတစ်လျှောက် အကြာဆုံးဆိုသည့် စံချိန်ကိုချိုးပြီး နိုဝင်ဘာ ၇ ရက် ညနှောင်းပိုင်းနှင့် နိုဝင်ဘာ ၈ ရက် နံနက်အစောပိုင်းတွင် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်အနိုင်ရရှိကာ ပြီးဆုံးခဲ့ပြီဖြစ်သည်။

ဂျိုးဘိုင်ဒင်လိုအပ်နေသည့် ပြည်နယ်ကိုယ်စားလှယ်မဲ ၂၇၀ ကို ပင်ဆယ်လ်ဗေးနီးယားနှင့် မီချီဂန်ပြည်နယ် တို့၌ အနိုင်ရပြီးနောက် ၄၆ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း ဖြစ်ကာ ချက်ချင်းပင် ဂျိုးဘိုင်ဒင်က ၎င်း၏တွစ်တာ စာမျက်နှာတွင်လည်း President–Elect ရွေးကောက်ခံ သမ္မတအဖြစ် ပြောင်းလဲခဲ့သည်။

သမိုင်းအဆက်ဆက် အမေရိကန်သမ္မတတို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် ပြည်နယ်သုံးခုရှိသည်။ ပြည်နယ်ကိုယ်စားလှယ်မဲအများဆုံး ၂၇ ခုအထိရှိသည့် ဖလော်ရီဒါပြည်နယ်နှင့် မီချီဂန်၊ ပင်ဆယ်လ်ဗေးနီး ယားပြည်နယ်တို့ဖြစ်သည်။ ၁၉၉၆ ခုနှစ်ကတည်းက အမေရိကန်သမ္မတ အဆက်ဆက်သည် ဖလော်ရီဒါ ပြည်နယ်၌အနိုင်ရပြီး သမ္မတဖြစ်လာခြင်းဖြစ်ကာ ယခု ဂျိုးဘိုင်ဒင်က ထိုလမ်းကြောင်းကို ပြောင်းလဲ လိုက်ပြီဖြစ်သည်။

ဖလော်ရီဒါ၌  ရှုံးခဲ့သော်လည်း အရီဇိုးနားကဲ့သို့ သမိုင်းချီရီပတ်ပလီကန်တို့ကို မဲပေးခဲ့ကြသူများက ဒီမို ကရက်တစ်ဘက်ကို မဲပေးလာခဲ့သည်မှာ ဂျိုးဘိုင်ဒင်အတွက် မမျှော်လင့်ထားသည့် ရလဒ်များဖြစ်သည်။

ထို့ကြောင့် ၂၄ နှစ်အတွင်း အရီဇိုးနား၌ ပထမဆုံးအနိုင်ရ ဒီမိုကရက်တစ်သမ္မတအဖြစ် သတ်မှတ်ခံရဦး မည်ဖြစ်ကာ ဂျိုးဘိုင်ဒင်၏ ဒုတိယသမ္မတ ကမလာဟဲရစ်ဆိုလျှင်လည်း ပထမဆုံး အာရှသွေးနှောလူမည်း အမျိုးသမီးအဖြစ် မှတ်တမ်းတင်ခံရမည်ဖြစ်သည်။

စစ်တမ်းများတွင် အသက် ၄၄ နှစ်မှ ၆၀ အထိ လူကြီးပိုင်းများက ဒေါ်နယ်ထရမ့်ကို ၂၀၁၆ ခုနှစ်က မဲပေးခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ဂျိုးဘိုင်ဒင်ဘက်ပြောင်းလဲလာသည်။  ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးနိုင်ခြေအမြင့်ဆုံးမှာ သက်ကြီးပိုင်းများဖြစ်သည့်အတွက်  ထရမ့်၏ ကိုင်တွယ်မှုများက မထိရောက် သောအခါ ၎င်းတို့လုံခြုံစိတ်ချရမှု ရှေ့ရေးကိုကြည့်ပြီး အိုဘားမားကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွင် ဒုတိယသမ္မတဖြစ်ခဲ့သည့် ဂျိုးဘိုင်ဒင်ဘက်သို့ မဲများ ရောက်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်က အသက် ၄၆ နှစ်အရွယ် လူတစ်ဦးက ၂၀၂၀ ပြည့်နှစ်တွင် အသက် ၅၀ ဖြစ်လာသည့်အတွက် ထရမ့်တစ်ယောက် ၂၀၁၆ ခုနှစ်က ၎င်း၏ မဲများဆုံးရှုံးခဲ့ရခြင်းဖြစ်ကာ လူမည်းများ၏မဲ၊ လူငယ်အများစု၏မဲ၊ ပညာတတ်အများစု၏ မဲများရခဲ့သည့်အတွက် ဂျိုးဘိုင်ဒင် ခက်ခက်ခဲခဲ သမ္မတဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အမေရိကန်သမိုင်းတွင် စံချိန်တင်မဲပေးမှုသာ မရခဲ့လျှင် ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာမည်မဟုတ်ပေ။ ထရမ့်၏ ထောက်ခံမှုက သန်း ၇၀ ကျော်ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်တွင် ဂျိုးဘိုင်ဒင် က နာမည်အကြီးဆုံး အိုဘားမား၏မဲ ၆၉ဒသမ ၉ သန်းဆိုသော ထောက်ခံမဲပေးသူအရေအတွက် ကိုကျော် လွန်ကာ မဲ ၇၄ သန်းအထိ စံချိန်ချိုးခဲ့သည်။

ဗိုင်းရပ်ကြောင့် အမေရိကန်ပြည်သူသန်း ၁၀၀ ခန့် စာတိုက်မဲများဖြင့် စောစောစီးစီး မဲပေးခဲ့ကြပြီး အများစုမှာ  ဒီမိုကရက်တစ်တို့ဖြစ်သည်။ သို့သော် စာတိုက်မဲများ ပို့ဆောင်မှုနောက်ကျနေသည့်အတွက် အချိန် သုံးရက် ဆိုသောကာလအထိ အမေရိကန်ရွေးကောက်ပွဲက ရှည်ကြာသွားကာ  ကြားထဲတွင်လည်း ပြဿနာများစွာ ဖြစ်ခဲ့ရသည်။ ထရမ့်က ဂျိုးဘိုင်ဒင်အနိုင်ရကြောင်း ကြေညာပြီးသည်အထိ ၎င်းရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ I won this election, by a lot ဟုပင် ၎င်းနိုင်ကြောင်း တွစ်တာ၌ ရေးတင်ခဲ့သည်။

တွစ်တာက ထရမ့်၏ပို့စ်ကို ချက်ချင်းသတင်းမှန် မဟုတ်ကြောင်း တံဆိပ်တပ်ခဲ့ကာ နိုဝင်ဘာ ၆ ရက်ကလည်း ထရမ့်တင်သည့်ပို့စ်သုံးခုမှာ သတင်းမှန်မဟုတ် ကြောင်း တံဆိပ်တပ်ခံခဲ့ရသည်။ နိုဝင်ဘာ ၈ ရက် အထိပင် ထရမ့်က အမေရိကန်ပြည်သူ ၇၁ သန်း၏ မဲများရသောသူသာ သမ္မတဟု ထပ်မံပြောဆိုနေကာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် မည်သည့် စကားမှ ထွက်မလာသေးပေ။

ဂျိုးဘိုင်ဒင်က ရွေးကောက်ခံဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး အိမ်ဖြူတော်သို့ သမ္မတတာဝန်ဖြင့် စတင်ဝင်ရောက်ရမည်ဖြစ်ကာ ဂျိုးဘိုင်ဒင်အတွက် အမေရိကန်က စိန်ခေါ်မှုများစွာဖြင့် စောင့်ကြိုနေပြီဖြစ်သည်။ ကမ္ဘာ့အဆိုးရွားဆုံး ဗိုင်းရပ်ကူးစက်နေသော ကမ္ဘာ့နံပါတ် တစ်နိုင်ငံ၌ စီးပွားရေးကလည်း ၁၉၃၀ ပြည့်နှစ်စီးပွားပျက်ကပ်နီးပါး ကျဆင်းနေသည့်အပြင် လူမျိုးရေး သွေးကွဲနေမှုကလည်း အထွတ်အထိပ်ရောက်နေသည်။

အကွဲကွဲအပြဲပြဲဖြစ်နေသောနိုင်ငံကို  ဂျိုးဘိုင်ဒင် အကောင်းဆုံး ပြန်လည်တည်ဆောက်ရမည်ဖြစ်သောကြောင့် ရွေးကောက်ခံရပြီး ပထမဆုံးမိန့်ခွန်းမှာပင် အမေရိကန်ပြည်ထောင်စုတွင် ယခုမှ တိုက်ပွဲစတင်မည်ဖြစ် ကြောင်းနှင့် စည်းလုံးမှုရှိလျှင် မဖြစ်နိုင်တာ မရှိကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲရလဒ်မထွက်မီကတည်းက ဥရောပ၌ ပေါင်ဘီလီယံနှင့်ချီပုံအောပြီး ဂျိုးဘိုင်ဒင်ဘက်မှ လောင်း ကြေးထပ်စွန့်စားခဲ့ကြကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍက ချက်ချင်းအထွတ်အထိပ် ရောက်လာ မည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်၏ အကြီးဆုံးရေနံကုမ္ပဏီများ နှစ်ဆအထိ အရှုံးပေါ်နေချိန် နေရောင်ခြည်စွမ်းအင်သုံး ကုမ္ပဏီများက Wall Street တွင် ၃၀၀ ရာခိုင်နှုန်းကျော်အထိ ရှယ်ယာ ဈေးများထိုးတက်နေသည်။

၂၀၃၅ ခုနှစ်အရောက်တွင် အမေရိကန်၌ ကာဗွန် ထုတ်လွှတ်မှု ကင်းစင်ရမည်ဆိုသည့် ဂျိုးဘိုင်ဒင်၏ ဥရောပနှင့်ကတိကဝတ်များကြောင့်ဖြစ်ကာ ဖက်ဒရယ် အစိမ်းရောင်စီမံကိန်းဘတ်ဂျက် အမေရိကန်ဒေါ်လာ နှစ်ထရီလီယံကိုလည်း ချပြထားသောကြောင့် မကြာမီအချိန်တွင်  အမေရိကန်စွမ်းအင်ကဏ္ဍကို အကြီးမားဆုံး  ထောက်ပံ့ပေးမည့်ကဏ္ဍက  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် အီရန်နျူကလီးယား သဘောတူစာချုပ်လည်း ပြန်လည်အသက်ဝင်လာနိုင်ကာ ၂၀၁၅ ခုနှစ် ကုလ သမဂ္ဂ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP21) သို့လည်း အမေရိကန်ပြန်လည် ဝင်ရောက် လာနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့လည်း ရန်ပုံငွေထပ်မံထောက်ပံ့ပေးလာနိုင်သည့်အပြင်  နောက်ဆုံး အမေရိကန်ဦးဆောင်သည့် ပစိဖိတ်ဖြတ်ကျော် စီးပွားရေးစီမံကိန်း (TPP) ကိုလည်း  ပြန်လည် အသက်သွင်း လာနိုင်ပြန်သည်။ ဥရောပမဟာမိတ်ဒေါက်တိုင်ကို ခိုင်မာစွာပြန်ထောက်မည်ဟု ဂျိုးဘိုင်ဒင်က ဆိုထားပြီး အာဏာရှင်များကို ပြတ်သားစွာကိုင်တွယ်မည်ဟု ပြောထားသောကြောင့် အမေရိကန်နှင့် ရုရှား၊ မြောက်ကိုရီးယားအရေးက ဂျိုးဘိုင်ဒင်လက်ထက်တွင် ဖိအားများစွာဖြစ်လာနိုင်ကာ ဥရောပက အကောင်း ဆုံးမဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ။

ရှိန်းထက်

Ref;CNN