လားရှိုးမြို့ရှိ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုကိုးကျွန်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

လားရှိုးမြို့ရှိ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုကိုးကျွန်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ စိတ္တသုခဘုန်းတော်ကြီးကျောင်းမှ  ဆရာတော်၊ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆရာတော်၊ သံဃာတော် ၁၆ ပါးနှင့် ရှင်သာမဏေ ငယ် ၁၂၈ ပါးတို့အား မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား လျှောက်ထားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ် အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၈ ဦးအား ကိုကိုးကျွန်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ နယ်မြေခံ ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆရာဝန်များ၊ သူနာပြုများနှင့် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ ထိုးနှံပေးကြကြောင်း သတင်းရရှိသည်။