တတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်ငန်း တတိယနေ့ ဆက်လက်ဆောင်ရွက်

တတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်ငန်း တတိယနေ့ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၀

      တပ်မတော်တွင် တတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု တတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

      အဆိုပါအသည်းအစားထိုး ခွဲစိတ်ကုသမှုတွင် လူနာ ဦးမျိုးမြင့်ဦး နှင့် တူဖြစ်သူ အသည်းအလှူရှင် မောင်အောင်ခန့်ကျော် တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုး ခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင် လူနာနှင့် အသည်း လက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

      ယခုကဲ့သို့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။