မောရစ်သျှအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဆီမီးဖိုင်နယ် အဆင့်တက်ရောက်

မောရစ်သျှအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဆီမီးဖိုင်နယ် အဆင့်တက်ရောက်

ရန်ကုန်  ဇူလိုင်  ၂၂

မောရစ်သျှနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိနေသည့် မောရစ်သျှအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့  တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

မောရစ်သျှအင်တာနေရှင်နယ်  ကြက်တောင်ပြိုင်ပွဲ၌ လက်ရှိကမ္ဘာ့အဆင့်(၅၈)နေရာတွင်ရပ်တည်နေသည့် သက်ထားသူဇာသည် ၃၂ ဦးရှုံးထွက်အဆင့်မှစတင်ကစားခဲ့ရပြီး ၃၂ ဦးရှုံးထွက်အဆင့်တွင် ကမ္ဘာ့အဆင့် ၁၁၃ တွင် ရပ်တည်နေသည့် ဗီယက်နမ်ကြက်တောင်မယ် ဗူသီအန်သူနှင့်ကစားခဲ့ရာ ၂၁-၁၉၊ ၂၁-၁၈  မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ၁၆ ဦးရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။သက်ထားသူဇာသည် ယနေ့တွင် ၁၆ ဦးရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်  ကမ္ဘာ့အဆင့် ၃၁၃ နေရာတွင်ရပ်တည်နေသည့် အိန္ဒိယ ကြက်တောင်မယ် အာလီရှာနာအစ်နှင့် ကစားခဲ့ရာ ပထမပွဲငယ်တွင် ၂၂-၂၀ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၁-၁၈ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သက်ထားသူဇာသည် ကွာတားဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် ၁၈၂ နေရာတွင် ရပ်တည်နေသည့် အိန္ဒိယကြက်တောင်မယ် အီရှာရာနီဘာရူအာနှင့် ဆက်လက်ကစားခဲ့ရာတွင်လည်း  လက်ရည်အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပထမပွဲငယ်တွင် ၂၁-၁၀ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၁-၁၆ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် ၈၅ နေရာတွင် ရပ်တည်နေသည့် အိန္ဒိယကြက်တောင်မယ် အဒီတီဘာ့ဂ်နှင့်   ဆက်လက်ကစားသွားရမည်ဖြစ်သည်။

သက်ထားသူဇာသည်   ပြီးခဲ့သည့်အင်ဒိုနီးရှား အိုးပင်းကြက်တောင်ပြိုင်ပွဲပြီးနောက် နိုင်ငံတကာပြိုင်ပွဲများမှ တစ်လကျော်ကြာ အနားယူခဲ့ပြီးနောက်ပိုင်း  ယခုအခါ    မောရစ်သျှအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲတွင် စတင်ပါဝင်ကစားခဲ့ကြောင်း သိရသည်။

စည်သူအောင်