ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များကို နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်

ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များကို နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်

နေပြည်တော်  ဇူလိုင်  ၂၄

    ကျန်းမာရေးဝန်ကြီးဌာနတွင် ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်   ဝဏ္ဏသိဒ္ဓိ အားကစားရုံ Stadium (B)၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီး  ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သင်ကာလ ပြီးမြောက်ခဲ့သည့် ဆရာဝန်(သစ်လွင်) ၃၂၆    ဦးနှင့်   သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) ၆၅ ဦးတို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီစေရေး အတွက် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ယခုထက်ပိုမို၍ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌     ဆေးရုံ/ဆေးခန်း အဆောက်အအုံများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ ပြည့်စုံရန်လိုအပ်သကဲ့သို့   အရည်အချင်းပြည့်ဝသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် လုံလောက်စွာ ရှိရမည်ဖြစ်ကြောင်း ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များ အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် မိမိတို့အနေဖြင့် မည်သည့်ဒေသက လာရောက်သည်ဖြစ်စေ တာဝန်ကျရာ ဒေသအတွင်းတွင်   နေထိုင်သည့် ပြည်သူများအပေါ် တစ်သွေးတည်း တစ်သားတည်း၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ သဘောထား၍   ကျန်းမာရေး စောင့်ရှောက်မှုများ အရည်အသွေးပြည့်ဝစွာ ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ၊ မဟာသိပ္ပံ သင်တန်းများနှင့်   ပါရဂူသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာ စာမေးပွဲများဖြစ်သည့် MRCP? MRCS?  MRCOG  စသည်တို့ဖြေဆိုနိုင်ရေး အပါအဝင်  ပြည်ပဘွဲ့လွန်သင်တန်းများကိုလည်း   ခွင့်ပြုစေလွှတ်ပေးလျက်ရှိပြီး  ပညာရပ်နယ်ပယ် အသီးသီးတွင် အရည်အသွေးမြင့်မားသည့်  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ အလုံအလောက် လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်  စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူများ အားကိုးအားထားပြုရသည့် ထူးချွန်အောင်မြင်သော ဆရာဝန်ကြီးများ၊   သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊  နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး ဆေးပညာရှင်များ၏ ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော ဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များ ဖြစ်ကြစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)နှင့် ဆေးတက္ကသိုလ်(မကွေး)တို့ရှိ   ဆရာဝန်(သစ်လွင်)များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)နှင့်   သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)တို့ရှိ သွားနှင့် ခံတွင်းဆရာဝန်(သစ်လွင်)များကို နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်သည့် အမိန့်ကြော်ငြာစာများ ပေးအပ်သည်။