လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ(၁၂၅)

မေး။ ။ ဆရာကြီးခင်ဗျာ။ ကျွန်တော့်အမျိုးသမီးရဲ့ ဘယ်ဘက်နှာခေါင်းအတွင်းက မရိုသေစကား နှပ်ညှစ်လည်း နာပါတယ်။ ခဏတိုင်းလည်း နှာချေပါတယ်။

ကျေးဇူးပြုပြီး ဘယ်လိုလုပ်သင့်လဲ။ ဘာတွေရှောင်ရမလဲ လမ်းညွှန်ပေးပါခင်ဗျာ။ အတော်နေရဆိုးနေလို့ ပါခင်ဗျာ။ အခုရက်ပိုင်းမှ ဖြစ်တာပါဆရာ။

ဖြေ။ ။ မုရိုးပင်အရွက်ကိုပြုတ် အငွေ့ကိုရှူပေးပါ။ မုရိုးပင်မှာ တောင်မုရိုးနဲ့ မုရိုးကြီးဆိုပြီး နှစ်မျိုးရှိပါတယ်။ နှာခေါင်းပိတ်ထိပ် ကပ်နာအတွက် ပျောက်ကင်းစေတာက မုရိုးကြီးပင်ဖြစ်ပြီး ချုံပင်ကဲ့သို့ လမ်းဘေးတွေမှာ ပေါက်ရောက်ပါတယ်။ ချိုးလိုက်ရင် အဖြူရောင် အစေးတွေ ထွက်ပါတယ်။ ထိုအစေးကို မြေအိုးတွင် သုတ်ပြီး နွားနို့ထည့်ကျိုပါက နွားနို့ခဲသွားသဖြင့် နို့ခဲပြုလုပ်ရာမှာ မုရိုးကြီးပင်အစေးကို အသုံးပြုကြပါတယ်။

ဒါကြောင့် အချို့အရပ်များမှာ မုရိုးကြီးပင်ကို နို့ခဲပင်လို့လည်း ခေါ်ကြပါတယ်။ မုရိုးကြီးပင်ရဲ့ အရွက်များကို ခူးယူအခြောက်လှန်းထားပြီး အမှုန့်ပြုလုပ်နှာခေါင်းအတွင်းသို့ နှာရှူဆေးကဲ့သို့ မှုတ်သွင်းရင်လည်း နှာခေါင်းပိတ် ထိပ်ကပ်နာနဲ့ နှာခေါင်းတွင်းအသားပို အသီးထွက်တာကိုတောင် ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။ အရွက်ခြောက်ကို ခြေပြီး မီးခဲပေါ်ဖြူး အငွေ့ရှူပေးရင်လည်း ထိပ်ကပ်နာသက်သာစေပါတယ်။ နှာချေ၊ နှာပိတ်၊ နှာခေါင်းအနံ့မရ ရောဂါများကိုလည်း သက်သာစေနိုင်ပါတယ်။ အကယ်၍ မိမိနေထိုင်ရာ အရပ်မှာ မုရိုးကြီးပင်ကိုမတွေ့ဘူး၊ မသိဘူးဆိုရင် တိုင်းရင်းဆေးခန်းမှာ ဆေးအမှတ်(၄၃)အကင်းဆယ်ပါးရှူဆေးမှုန့်ဝယ်ပါ။ မီးခဲပေါ်ဖြူး အငွေ့ကိုမှိုင်းရှူပေးပါ။ ကွမ်းရွက် အရည်နှာခေါင်းမော့ပြီး ညှစ်ထည့်ပေးပါ။

မေး။ ။ ဆရာကြီးခင်ဗျာ။ ကျွန်တော်အသီးအရွက် စားမိတိုင်း ရင်ခေါင်းအောင့်နေပြီး ဗိုက်ကအမြဲပဲနာနေလို့ပါ။ ဆေးနည်းလေးညွှန် ပေးစေလိုပါတယ် ဆရာကြီးခင်ဗျာ။

ဖြေ။ ။ အအေးစာမတည့်လို့ပါ။ အသီးအနှံအတော်များများဟာ အအေးစာဖြစ်ပါတယ်။ အအေးစာကို အစာခြေအားနည်းတဲ့ သူတွေစားတဲ့အခါ အစာအိမ်ရင်ညွန့် အောင့်တတ်ပါတယ်။ ပူပူနွေးနွေးဖြစ်အောင် ကြော်ချက်စားပါ။ အစာအိမ်ရောင် ရောဂါရှိသူတွေမှာ မည်သည့်အစာမဆို အေးစက်နေမှစားရင် ရင်ညွန့်အောင့်တတ်ပါတယ်။ ချက်ပြုတ်ပြီးနာရီဝက်အတွင်း ပူပူနွေးနွေးစားရင် အစာအိမ်နဲ့သင့်ပါတယ်။ အသီးအရွက်ကိုကြော် စားတာထက် ပြုတ်စားတာ၊ အရည်သောက်ပြုလုပ်စားတာက အစာအိမ်အတွက် ပိုကောင်းပါတယ်။  အစာစားပြီးတိုင်း ရေအေးအချိုရည် အအေးများ မသောက်ဘဲ ရေကျက်အေး၊ ရေနွေးကြမ်း ပူပူလေးသောက်ရင် ပိုကောင်းပါတယ်။ အစာစားပြီး တိုင်းအစာကြေဆေး၊ လေပူကျဆေးများ သောက်ပေးပါ။ လေရှိရင်အောက်သက်အောင် တိုင်းရင်းဆေး အမှတ်(၂)လေမျိုးရှစ်ဆယ်ဆေးကို အစာစားပြီးတိုင်း လျက်ပေးပါ။

မေး။ ။ ဆရာကြီးရှင့်။ ကျွန်မသားလေးက တစ်နှစ်လေးလပါ။ အခုထိဖေဖေမေမေ မခေါ်သေးလို့ပါ။

ဘာလုပ်ရမလဲ အကြံလေးပေးပါဦး ဆရာကြီးရှင့်။ စိုးရိမ်ရလားစိတ်ပူလို့ပါ။

ဖြေ။ ။ မြင်းခွာရွက်အရည်ညှစ် ဇွန်းသေးသေးတစ်ဇွန်း တစ်နေ့နှစ်ကြိမ်တိုက်ပေးပါ။ မြင်းခွာရွက်ဟာ ဦးနှောက်ပုံရှိတဲ့ အရွက်ဖြစ်လို့ ကလေးများကို အသိဉာဏ်တိုးစေတယ်။ ဦးနှောက်ဖွံ့ဖြိုးစေတယ်လို့ ဆိုပါတယ်။

ဦးနှောက်ဖွံ့ဖြိုးရင် စကားပြောလာမှာပါ။ ကလေးရဲ့လျှာကို ပျားရည်ပွတ်ပေးရင်လည်း စကားပြောတတ်တယ်လို့ ဆိုပါတယ်။ တချို့ကလေးများမှာ အာဟာရချို့တဲ့လို့ ဦးနှောက်ဖွံ့ဖြိုးမှု နည်းပြီး နှစ်နှစ်ကျော် သုံးနှစ်မှ စကားပြောတာမျိုးလည်း ရှိပါတယ်။ မိမိကလေးကို ဦးနှောက်ဖွံ့ဖြိုးအောင် အာဟာရကျွေးရမယ့် အရွယ်မှာ မိခင်နို့ကို လျှော့တိုက်ပြီး အသား၊ ငါး၊ ပဲ၊ ဟင်းသီးဟင်းရွက်၊ နို့၊ အာဟာရမျိုးစုံအောင် ကျွေးပေးဖို့ လိုပါတယ်။

မေး။ ။ ဆရာကြီးရှင့်။ ခြေသလုံးနှစ်ဖက်စလုံးကျဉ်နေတာ တစ်နှစ်လောက်ရှိပါပြီ။ ဆေးတွေလိမ်းပေမယ့် မပျောက်ပါဘူး။ တစ်ခါတလေ ဖိနပ်ကျွတ်သွားရင် တောင်မသိဘူး။ အမေက  အသက် ၅၀ ကျော်ပြီ။ ဆေးနည်းလေးပြောပေးပါဦးဆရာ။

ဖြေ။ ။ လေငန်းအစ ထုံကျဉ်ကလို့ဆိုပါတယ်။ ဂရုစိုက်ပါ။ အကြောလေလျှောက်ဆေးစားပါ။ ဆေးမသိရင် ဆင်တုံးမနွယ် အမှုန့်ကို ပရဆေးဆိုင်မှာ ဝယ်ပြီးပျားရည်နဲ့ ရောတေပြီး မနက်ကော်ဖီဇွန်းနှစ်ဇွန်းစားပါ။

အကြောပြင် ဆရာကောင်းရှိရင် အကြောဖွင့်ကုသမှု ခံယူပါ။ အကြောပြင်ခြင်းဖြင့် လေဖြတ်လေငန်းရောဂါများကို ကာကွယ်နိုင်ပါတယ်။ အကြောပြင်ဆရာဆိုတာ အနှိပ်သည်မဟုတ်ပါ။ အကြောနှင့်ပတ်သက်သော ခန္ဓာဗေဒကို စနစ်တကျ သင်ကြားထားတဲ့ ဆေးပညာပါတတ်ကျွမ်းနားလည်တဲ့ ဆရာမျိုးဖြစ်ဖို့ လိုပါတယ်။ ခြေနှစ်ဖက်ထုံကျဉ်ပြီး ဖိနပ်ကျွတ်တာ တောင်မသိဘူးဆိုရင် လေဖြတ်မည့်ရှေ့ပြေး လက္ခဏာထဲက အချက်တစ်ချက်ဖြစ်နေပါပြီ။ အထူးဂရုစိုက်ပါ။

အသက် ၅၀ ကျော်ပြီမို့ သွေးတိုး၊ ဆီးချိုရောဂါများရှိ၊ မရှိကိုလည်း ဆရာဝန်နဲ့ ဆေးခန်းပြပြီး စစ်ဆေးပေးဖို့လိုပါတယ်။ အစားအသောက်စားတဲ့ အခါမှာလည်း အကြောပိတ်စေတဲ့ စားအုန်းဆီများ၊ အကြော်ဆီများ၊ တိရစ္ဆာန်ဆီများ(ဥပမာ-ဝက်ဆီ၊ အမဲဆီ) ရှောင်ကြဉ်ဖို့  လိုအပ်ပါတယ်။ ငါးနဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို ပိုပြီးစားသုံးသင့်ပါတယ်။

ဆေးပဲကုပြီး အစားအသောက်ကိုမဆင်ခြင်ဘူးဆိုရင် လေဖြတ်နိုင်တာမို့ အထူးဂရုပြုစေလိုပါတယ်။

မေး။ ။ ဆရာမင်္ဂလာပါ။ သမီးကအသက် ၂၃ နှစ်ပါ။ ရင်ကျပ်အခံရှိပါတယ်။ တီဘီစစ်ကြည့်တော့ ပိုးတွေ့တယ်ဆိုလို့ ဆေးသောက်ဖူးပါတယ်။ အရင်က ချောင်းခြောက်ပဲဆိုးတာ အခုဆေးသောက်ပြီး တစ်နှစ်ကျော်မှာ ချွဲတွေအများကြီး ထွက်လာပါတယ်။ လေးနှစ်ရှိပါပြီ။ နေ့တိုင်း အချိန်တိုင်း  ထွက်နေတာပါ။ လေအိတ်ဖောက်ဖူးပါတယ်။ ချွဲထွက်တာက မသက်သာဘူး။ အဆုတ်အနာဖြစ်နေပါတယ်။ ချွဲအရှင်းပျောက်အောင် ကုလို့ရပါသလားရှင့်။ မသက်သာလို့ပါ။

ဖြေ။ ။ လောက်သေရွက်ရှာပါ။ ပြုတ်ရည်မတ်ခွက်တစ်လုံးမနက်အိပ်ရာထ အစာမစားခင်သောက်ပါ။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ တိုင်းရင်းဆေး အမှတ်(၂၅) မတဲမြင့်မိုရ်ကုန်းဆေး ပရဆေးဆိုင်မှာ မေးဝယ်ပါ။ ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်ပေးပါ။

မေး။ ။ ဆရာကြီးရှင့်။ ခြေဖဝါးနာနေလို့ပါ။ ဆရာဝန်နဲ့ပြပြီး ဆေးသောက်နေပါတယ်။ သွေးကြောပိတ် ချင်တာလို့  ပြောပါတယ်။ ဆေးသောက်တုန်းပဲ သက်သာတယ်။ ဆေးဖြတ်တာနဲ့ ထောက်မရအောင် နာပါတယ်။ ဆေးနည်းလေး ပြောပြပေးပါရှင့်။

ဖြေ။ ။ ညအိပ်ခါနီးဆားနင်းပြီး ဒူးအထက်မှအောက်ရေလောင်းခြေဆေးအိပ်ပါ။ မုန်ညင်းဆီထဲ ချင်းတက်အနည်းငယ်ထောင်းထည့် မီးနဲ့ဆူအောင်ချက် ခြေသလုံးမှဖနောင့်အထိလိမ်းပါ။

မေး။ ။ ဆရာရှင့်။ ကျွန်မယောက္ခမမှာ  ဆီးချို၊ သွေးတိုး၊နှလုံး၊ ကျောက်ကပ်မကောင်းဖြစ်တာ ၁၀ နှစ်လောက်ရှိပြီ။ အင်္ဂလိပ် ဆေးသောက်နေတဲ့ကြား၊ တည့်တာချက် ကျွေးတဲ့ကြားက ခုကျောက်ကပ်က အလုပ်လုပ်တာ ၁၆  ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ကျောက်ကပ်အတွက်   ဘယ်လိုမျိုးအစားအစာ စားသင့်ပါသလဲ။  ဆေးနည်းလေးများရှိရင် ပြောပြပေးပါရှင့်။

ဖြေ။ ။ မြင်းခွာရွက် နေရိပ်မှာအခြောက်လှန်း လက်ဖက်ခြောက်လုပ်သောက်ခိုင်းပါ။ ကျောက်ဖရုံသီးအသားကိုကြိတ် ဖျော်ရည်လုပ်တိုက်ပါ။ အုန်းသီးအနုထိပ်က ဖောက်၊ ကျောက်ချဉ်ခဲသေးသေးထည့် ခဏထားအရည်ကို ပိုက်နဲ့စုပ်သောက်ခိုင်းပါ။

မေး။ ။ မင်္ဂလာပါဆရာကြီး။ အူကျရောဂါအတွက် ဆေးနည်းလေးသိချင်လို့ပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ကျားမနိုင်နွယ်မြစ်သွေးလိမ်းပါ။ ကျောက်ချဉ်ရည်နဲ့သွေးလိမ်းရင် ပိုကောင်းပါတယ်။

မေး။ ။ ဆရာကြီးရှင့်။ ခြေဖဝါး အလယ်တည့်တည့်က နာပါတယ်။ အိပ်ရာထရင်လည်း နာပါတယ်။ ထိုင်ပြီးပြန်ထရင်လည်း နာပါတယ်။ တော်တော်လေးကို နာတယ်ရှင့်။ အဲဒါ ဘယ်လိုနေထိုင် စားသောက်ရမလဲရှင့်။ ဆေးနည်းလေး ပြောပြပေးပါဆရာ။ အသက်က ၄၉ နှစ်ရှိပါပြီ။

ဖြေ။ ။ ဆားနင်းပေးပါ။ အိပ်ရာဝင်ခါနီးဆားနှစ်ပိဿာခန့် ပလတ်စတစ်ဇလုံကြီးထဲမှာထည့် ခြေဖဝါးနှစ်ဖက်လုံးနင်းပါ။ ၁၅ မိနစ်နင်းပြီး ဒူးအထက်မှအောက်ရေလောင်းခြေဆေးပေးရင် ဖဝါးကိုအပူတွေဆင်းပြီး သက်သာလာပါလိမ့်မယ်။   ။

ကြည်လွင်မြင့်(မုဒြာ)