ကမော့လဲ-တခွက်ဖိုး(ပန်းတောမီး)ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လှိုင်းဘွဲ့၊ ဒေသဖွံ့ဖြိုးရေး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လှိုင်းဘွဲ့မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များ သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၄၂၅ သန်းဖြင့် လှိုင်းဘွဲ့မြို့နယ်အတွင်း ကမော့လဲ-တခွက်ဖိုး(ပန်းတောမီး) ကျောက်ချောလမ်း ၆ မိုင် ၄ ဖာလုံ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကမော့လဲ-တခွက်ဖိုး(ပန်းတောမီး) ကျောက်ချောလမ်း ၆ မိုင် ၄ ဖာလုံအနက် ထပ်ပိုးကတ္တရာ ၁ မိုင် ၄ ဖာလုံခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် RC တံတား ပေ ၃၀ တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၈၉ ဒသမ ၇၆၈ သန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အပါအဝင်လူမှုစီးပွား တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုသည့်အပြင် လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန် လာသဖြင့်မြို့ပြနှင့် ကျေးလက်လူမှုဆက်ဆံရေး အားကောင်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း  ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း လှိုင်းဘွဲ့မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ သိရသည်။                   

ခင်စန်းမြင့်