အသင့်ထုတ်မော်ကျူး အစိတ်အပိုင်းများဖြင့် တည်ဆောက်မည့် အနာဂတ် မိုးမျှော်တိုက်များ

အသင့်ထုတ်  အစိတ်အပိုင်းများကို အသုံးပြု၍  ပေပေါင်း ၆၃၀  အထိမြင့်သော  ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ နှစ်ခုကို စင်ကာပူနိုင်ငံ၌ ဆောက်လုပ်နေပြီး ယင်းစီမံကိန်းကို Avenue South Residences    ဟု  အမည်ပေးထားကာ  ADDP ခေါ် ဗိသုကာပညာရှင်များက တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။

ADDP မှ  ဒီဇိုင်းဆွဲဆောက်လုပ်ခဲ့သည့် အသင့်ထုတ်ပစ္စည်း အစိတ်အပိုင်းများကို အသုံးပြုသော  အဆောက်အအုံ များထဲတွင်  Clement Canopy မှာ အမြင့်  ၄၅၉  ပေဖြင့်  ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအဖြစ် စင်ကာပူနိုင်ငံ၌ တည်ရှိနေသည်။

ဆောက်လုပ်ရေးစီမံချက် Avenue South Residences ဟုခေါ်သော ပုံစံသစ် မိုးမျှော်တိုက်နှစ်လုံး ဆောက်လုပ်ရေး စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပညာရှင်များက ၂၀၁၄ ခုနှစ်ကတည်းက စီမံကိန်း စတင်ရေးဆွဲခဲ့ကြပြီး  စင်ကာပူနိုင်ငံရှိ  လူနေထူထပ်သော ဘူကိတ်မီရတ်ဒေသ၌ ဆောက်လုပ်နေခြင်း ဖြစ်သည်။

အဓိကလိုအပ်သော အစိတ်အပိုင်းများကို မလေးရှားနိုင်ငံမှမှာ ယူတင်သွင်းပြီး အဓိကအားဖြင့် မိုးမျှော်တိုက်ဆောက်လုပ် ရာတွင် အသုံးပြုမည့် မော်ကျူးပုံစံများကို မလေးရှားနိုင်ငံ စီနိုင်းမြို့မှ တင်သွင်းခြင်း ဖြစ်သည်။ ကွန်ကရစ်ဖြင့် ဖန်တီးထားသော လေးထောင့်ပုံသဏ္ဌာန်ရှိ ပုံစံတူမော်ကျူး ၃၀၀၀ ကျော်ကို  တစ်ထပ်ပြီး တစ်ထပ်ဆင့်၍ အသင့်ဆောက် မိုးမျှော်တိုက်နှစ်လုံးအဖြစ် ဖန်တီးမည်ဖြစ်ကာ အဆောက်အအုံ တစ်ခုစီတွင် တိုက်ခန်းပေါင်း ၉၉၈ ခန်း ပါဝင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ခန့်တွင်  အပြီးသတ် ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားကာ အနာဂတ် ဆောက်လုပ်ရေး  လောက၏ ရှေ့ဆောင်ဖြစ်ရန်    စင်ကာပူနိုင်ငံက ကြိုးပမ်းနေခြင်း ဖြစ်သည်။

မော်ကျူးတစ်ခုစီကို မလေးရှားနိုင်ငံ စီနိုင်းမြို့မှမှာယူ တင်သွင်းခြင်းဖြစ်သော်လည်း မွမ်းမံအလှဆင်ခြင်းနှင့် ပရိဘောဂ တပ်ဆင်ခြင်းများကဲ့သို့ အနုစိတ်အလှ ဆင်ဖန်တီးမှုများကို စင်ကာပူနည်းပညာဖြင့် သီးသန့်ဖန်တီးမည်ဖြစ်သည်။ ယခု အခါ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သော ယင်းမော်ကျူးပုံစံများကို ဆောက်လုပ်မည့် နေရာများသို့ ပို့ဆောင်နေပြီဖြစ်ကာ နောက်ဆုံးအဆင့်တွင် တံခါးတပ်ဆင်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ယင်းမိုးမျှော်တိုက်ဆောက်လုပ်မည့် နည်းပညာကို Prefabricated Prefini-shed Volumetric Construction (PP-VC)  ဟု အမည်ပေးထားကာ စီမံကိန်း အဓိကရှယ်ယာရှင် မားကတ်စ်ရှန်သွန်ဟန်က မိုးမျှော်တိုက်ဖြစ်သော်လည်း ယခု ဆောက်လုပ်မည့် ပုံစံမှာ မော်တော်ယာဉ် တစ်စီးထုတ်လုပ်ပုံနှင့်     ဆင်တူသောကြောင့်  လက်ရှိဆောက်လုပ်နေသည့် နည်းပညာထက် ပိုမိုမြန်ဆန်လွယ်ကူမည် ဟုဆိုထားကာ အနာဂတ်တွင် စင်ကာပူတို့ ခေတ်ရှေ့ပြေးရန် ဗိုင်းရပ်ကာလကြားမှာပင်    မနားမနေ ကြိုးပမ်းနေခြင်း ဖြစ်သည်။

ထို့ပြင်  PPVC စနစ်ကို  အသုံးပြု   ဆောက်လုပ်ခြင်းကြောင့် ဆောက်လုပ်ရေး လုပ်သားလိုအပ်မှုနှင့် လုပ်ငန်းခွင်မှ ထွက် ရှိလာမည့်  စွန့်ပစ်ပစ္စည်းများကိုလည်း ပုံမှန်ထက်   ပိုမိုလျှော့ချနိုင်မည်ဖြစ်ကာ လုပ်ငန်းခွင်အနီး၌   နေထိုင်ကြသော   ပြည်သူများ အတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေမည့်    ဆူညံသံများကို လျှော့ချနိုင်မည်ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်သား   လျှော့ချနိုင်သည့်အတွက် ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် လူချင်း ခပ်ခွာခွာ နေခြင်းဖြင့်  Social  Distancing စနစ်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အသင့်ထုတ်ပစ္စည်းများကို

တပ်ဆင်ဆောက်လုပ်ခြင်း ဖြစ်သောကြောင့် လုပ်သားများကို လုပ်ငန်းကဏ္ဍခွဲ၍ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် ADDP  အဖွဲ့မှ စီမံကိန်းကို အချိန်မီ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် နောက်ဆုံးထားကာ အပြီးသတ်ဆောင်ရွက်နိုင်ရန် ဗိသုကာပညာရှင်များ မျှော်လင့်ထားကြပြီး ပန်းဥယျာဉ်နှင့် အပန်းဖြေစရာ နေရာများစွာလည်း စုံလင်စွာပါဝင်လာမည် ဖြစ်သည်။

လက်ရှိ ကမ္ဘာပေါ်၌ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အသုံးပြုနေသော နည်းပညာမှာ အချိန်ကုန်ခြင်း၊ ငွေကုန် ကြေးကျများခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ လိုအပ်သည့်လုပ်သား အရေအတွက်ထက်    ပိုမိုအသုံးပြုရခြင်းနှင့် လုပ်ငန်းခွင် ထိခိုက်မှုများစွာ ရှိနေခြင်းတို့ကြောင့် ဆောက်လုပ်ရေးနည်းပညာသစ်များကို ကမ္ဘာတစ်လွှား ရှာဖွေဖော်ထုတ် လာရာ ယခုစင်ကာပူက တခြားအနောက် နိုင်ငံများထက် များစွာစော၍ ရှေ့ရောက်လာခြင်း ဖြစ်သည်။

မော်ကျူးပုံစံ အသင့်တပ်ဆင်ဆောက် လုပ်ရသော အစိတ်အပိုင်းများကို ပထမဆုံး တီထွင်သည့်နိုင်ငံမှာ    တရုတ်ဖြစ်ပြီး ၎င်းင်းတို့၏ ကိုယ်ပိုင်အာကာသစခန်းကို အဆင့်သုံးဆင့်     မော်ကျူးသုံးခုဖြင့် အာကာသ၌ စတင်ဆောက်လုပ်ကာ ယခု ကမ္ဘာပေါ်၌ ပထမဆုံးမော်ကျူး ပုံစံမိုးမျှော် တိုက်ဆောက်လုပ်လာကြခြင်း ဖြစ်သည်။

သို့သော် ယင်းနည်းပညာကို အပြည့်အဝ အသုံးချနိုင်ရန်   ဆယ်စုနှစ်နှင့်ချီ ကြာဦးမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်နောက် ပိုင်း    အရှေ့အလယ်ပိုင်း မိုးမျှော်တိုက် ဆောက်လုပ်ရေးကဏ္ဍများ၌ အသုံးပြုနိုင်ရန်  မျှော်မှန်းထားကြပြီး  မိုးမျှော်တိုက် ဆောက်လုပ်ရေးကဏ္ဍတွင်  စင်ကာပူက တောင်ကိုရီးယားကိုကျော်ကာ    ရှေ့ဆောင်နိုင်ရန်    ကြိုးစားနေခြင်း ဖြစ်ပါကြောင်း    ရေးသားတင်ပြလိုက်ရပါ သည်။    ။

ရှိန်းထက်

Ref:CNN