အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

သို့သော် ဂျင်းဖောတိုင်းကအင်ဂျင်နီယာ ပညာတော်သင်သွားသဖြင့် သူ့နေရာတွင် အရေးတကြီးလူလိုနေရာ သော်ကောင်းသွားရမည် ဖြစ်သည်။

သွားပေတော့ သူငယ်ချင်း။ နောက်မှပဲ မင်းကိုခေါ်ယူရမှာပဲ။ ငါလည်း မင်းအတွက် ကြိုးစားလျက်ပဲ။ ဒါပေမဲ့ ခုနေတော့ လူကြီးတွေအလုပ်ရှုပ်နေသေးလို့ မင်းကိစ္စထည့်မစဉ်းစားနိုင်သေးဘူးနဲ့တူတယ်

အကောင်အထည်ပေါ်ဖို့ လိုသေးသည်။ သူတို့ဖွဲ့ချင်သည်မှာ    တံတားဆောက်အဖွဲ့ဖြစ်သည်။

တစ်ပြည်လုံးနှစ်ဖွဲ့လောက်ဖွဲ့နိုင်မည်ဆိုလျှင်ကောင်းမည်။

မဖြစ်နိုင်ရန်ကား အကြောင်းမရှိ။ သူတို့ဆောက်ရမည့် တံတားကြီးများ အများအပြားရှိသေးသည်။ အဖွဲ့အစည်းတစ်ခုက တာဝန်ခံဆောက်ရသော် ပို၍လုပ်ငန်းတွင်ကျယ်မည်။ အရေးကြီးသည်မှာ ပစ္စည်းနှင့်ငွေပင်ဖြစ်သည်။ သို့သော်လည်း သူတို့၏ ဆောက်လုပ်ရေး လုပ်ငန်းသည် ဦးစားပေး လုပ်ငန်းဖြစ်သည်။ တောင်တွေ့လျှင် လမ်းဖောက်၊ ချောင်းတွေ့လျှင် တံတားဆောက်ရမည် မဟုတ်လား။

နည်းနည်းတော့   လှုပ်လှုပ်ရွရွဖြစ်သွားတယ် ကိုသောင်းဒန်၊ အဲဒါနောက်ထပ် နှစ်ခါလောက်ဆိုရင် ဟန်မှာပဲ

လှမင်း၏စကားဖြစ်သည်။ လှမင်းသည် စကားကို အလယ်ကဖောက်၍ ပြောတတ်သည်။ မနည်းပင် ဆက်စပ်နားထောင်ယူရသည်။ ဤသည်မှာ သူ့အကျင့်တစ်ခုဖြစ်သည်။ ရည်ရည်လည်လည် ပြောသည့်အခါတွင်မူ သီရိတံတားမှ အလုပ်သမားများ စင်ရော်စခန်းသို့ လိုက်ပါရေးအတွက်   လှုပ်လှုပ်ရွရွဖြစ်နေသည် ဟူ၍ပင်ဖြစ်သည်။ အလုပ်သမားများကို နောက်ထပ်နှစ်ခါလောက်စကားပြောပါဦးဟု လှမင်းက တိုက်တွန်းသည်။ ယခုကား အမာခံ လေးဆယ်လောက် ရနေပြီ။

တစ်ရာကျော်အောင် ဆက်လက်စည်းရုံးရဦးမည်။

သည်တစ်ကြိမ်တွင်မူ သောင်းဒန်သည် အလုပ်သမားများကို သီရိတံတားထိပ်ရှိ အလုပ်ရုံထဲတွင် စုဝေးခိုင်းသည်။

ကဲ ဘယ်လိုလဲ။ စဉ်းစားပြီးကြပြီလား။ နောက်ထပ်လိုက်မယ့်  လူဘယ်နှယောက်ရှိသလဲ။  လှမင်းရေ စာရင်းယူစမ်းဟေ့

လှမင်းက စာရင်းယူသည်။ လူနှစ်ဆယ်လောက်သာ နောက်ထပ်တိုးလာသည်။

မဖြစ်သေးဘူးကွာ၊ ဒီအတိုင်းတော့ မှန်းခြေမပေါက်သေးဘူး

လှမင်းတို့၊ စောသာအေးတို့က အခြားဌာနမှ အလုပ်သမားများကို လက်ညှိုးထိုးခေါ်ခဲ့လို့ မရဘူးလားဟု မေးဖူးသည်။ အကြံပေးဖူးသည်။

ရတယ် လှမင်း၊ စင်ရော်တံတားဆောက်လုပ်ရေးအတွက် ငါ့ကို အထက်က အာဏာကုန်ပေးထားတယ်။

ခေါ်ချင်တဲ့လူခေါ်လို့ရတယ်။ ဒါပေမဲ့ ဒီလူတွေက ငါနဲ့အလုပ်အတူ လုပ်ဖူးကြတဲ့လူတွေ မဟုတ်ဘူး။ သူတို့အကျင့်၊ သူတို့စရိုက်ကို ငါမသိဘူး။ သူတို့အလုပ်ဆိုတာလည်း မသိဘူး။ အလုပ်ဆိုတာကတော့ သင်ရင် တတ်ရမှာပေါ့ကွာ။ တို့လည်း ဒီလိုပဲသင်ကြားတတ်မြောက်လာရတာပဲ။ ဒီက အလုပ်သမားတွေကိုမှ တမ်းတမ်းစွဲရတဲ့အကြောင်းက တခြားမဟုတ်ဘူးဟေ့။ သူတို့စရိုက်၊ သူတို့အကျင့်ကို တခြားလူတွေထက်စာရင် ငါနည်းနည်းသိတယ်။ ဒါကြောင့်ပဲ။ ခုဟာက အလုပ်မှာသာ  အတူလုပ်ကြရမှာမဟုတ်ဘူး။  နေတော့ ထိုင်တော့ရော သူတို့နဲ့အတူ နေကြထိုင်ကြရမှာ ဟု သောင်းဒန် ပြန်ဖြေခဲ့ဖူးသည်။ ယခုလည်း သူတို့နှင့် မျက်နှာချင်းဆိုင်တွေ့သည့်အခါ  လှမင်း၏မေးခွန်းသည် သူ့ခေါင်းထဲတွင်ပေါ်လာသည်။ ထိုစကားကိုသောင်းဒန်ပြန်၍ အစဖော်ချင်သည်။

ခင်ဗျားတို့ကို အာဏာနဲ့မစည်းရုံးချင်ဘူး။ အကျပ်မကိုင်ချင်ဘူး။ အာဏာနဲ့စည်းရုံးရင် ခင်ဗျားတို့ထက်ကျွမ်းကျင်တဲ့ အလုပ်သမားတွေရနိုင်တယ်။ ခင်ဗျားတို့ကိုလည်း ကျွန်တော် အကျပ်ကိုင်နိုင်တဲ့ နည်းတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်အရင်းခံတာက ရင်းနှီးမှုပဲ။ ရင်းနှီးမှပြောရဆိုရတာ ကောင်းတယ်။ ခိုင်းရတာကောင်းတယ်။ ခင်ဗျားတို့ကလည်း ကျွန်တော့်ကိုပြန်ပြီး မေးနိုင်မြန်းနိုင်တယ်။ ဝေဖန်ပြောဆိုနိုင်တယ်။ အခုလည်း ခင်ဗျားတို့ မေးမြန်းပြောဆိုနေကြတာပဲ။ ခင်ဗျားတို့ကို  ရှည်ရှည်ဝေးဝေးပြောနေစရာ မလိုပါဘူးဗျာ။

ခင်ဗျားတို့လည်း ငယ်ကြတဲ့အရွယ်တွေမှ မဟုတ်ဘဲ။

ခင်ဗျားတို့ အလုပ်လုပ်ခဲ့ကြတဲ့ အထဲမယ် ကျွန်တော့်လို ရင်းရင်းနှီးနှီးပေါင်းတဲ့ ပုဂ္ဂိုလ်တွေ့ဖူးသလား။

အေး ကျွန်တော်ကတော့အပြောအဆိုကြမ်းတယ်။

ဆဲတယ်။   ဆိုတယ်။  အဲဒါ  ဆဲချင်လို့ဆိုချင်လို့ ကြိမ်းချင်လို့ မဟုတ်ဘူး။  လုပ်ငန်းတွင်ကျယ်အောင် ဆဲရဆိုရကြိမ်းရမောင်းရတာ။  ပြီးတော့  ရင်းနှီးလို့ ဆဲတာဆိုတာပဲ။ အပြောအဆို ကြမ်းတာကတော့ ကျွန်တော့်ဝသီပဲ။ ဒါကိုတော့ သည်းသာခံကြ။ ကျွန်တော်ပြောတာနားလည်ကြတယ် မဟုတ်လား

အစားအသောက်ဆင်းရဲမှာ ကျွန်တော်တို့ စိုးတယ်ဆရာ။ အိမ်က မိန်းမတွေမပါဘဲ တစ်ယောက်တည်း လိုက်လာရင် ဘယ်လိုစားမလဲ။ စားဖို့လည်း ချက်ရပြုတ်ရဦးမယ်။ အလုပ်လည်း လုပ်ရဦးမယ် တစ်ယောက်က မေးသည်။

ခုနေ  အစတော့  ဘယ်သူမှအိမ်ထောင်ကို ခေါ်လို့ မဖြစ်သေးဘူး။ အတူတူစုပြီးနေ၊  အတူတူစုပြီး စားကြရမှာပဲ။ ကျွန်တော်လည်း အိမ်က မိန်းမမခေါ်ခဲ့ဘူး။ ခင်ဗျားတို့လည်း မခေါ်ခဲ့နဲ့။ ကျွန်တော်လည်း ခင်ဗျားတို့နဲ့ အတူနေမယ်။ အတူစားမယ်။

သေအတူ ရှင်အတူပဲဗျာ။ အဲဒါစကားကုန် ပြောတာပဲ။

သေစရာလည်း မရှိပါဘူး။ လူသူမရှိတဲ့ တောခေါင်ခေါင်မှာသွားပြီး လုပ်ကြရမှာမှမဟုတ်ဘဲသို့နှင့် တဖြည်းဖြည်း လိုက်ချင်သူများလာသည်။

နောက်ထပ်နှစ်ခါလောက် စည်းရုံးသည့်အခါ သူလိုချင်သည့် လူဦးရေအပြည့်ရလာသည်။ ထိုရက်အတွင်း သောင်းဒန် အိမ်မကပ်နိုင်လောက်အောင် အလုပ်ရှုပ်သည်။ ပစ္စည်းတင်ဖို့ စက်လှေရှာရသည်။ ပစ္စည်းရသမျှစုရသည်။ လိုလေသေးမရှိအောင် အသေးအဖွဲပစ္စည်းကစ၍  စုရသည်။ အချို့ပစ္စည်းတို့ကို ပုံစံပေးကာ အင်းစိန်အလုပ်ရုံ၌ အလုပ်ခိုင်းရသည်။ အပိုပစ္စည်းများလည်း စုဆောင်းရသည်။ အားလုံး ပြီးစီးသည့်အခါ စင်ရော်သို့ထွက်ရန် ပြင်ဆင်ရလေသည်။ ထိုအချိန်အထိသော်ကောင်းသည် ဂျင်းဖောတိုင်းသို့ မပြောင်းဖြစ်သေး။ သူနှင့် တံတားဆောက် အဖွဲ့သာ စင်ရော်သို့ ထွက်လာခဲ့ကြလေသည်။

စင်ရော်တံတားဆောက် အဖွဲ့သည် ရန်ကုန်မှ မနက်၄ နာရီ ရထားနှင့် စိမ့်မြိုင်သို့ ထွက်ခဲ့ကြသည်။ စုစုပေါင်း လူ ၈၃ ယောက်ဖြစ်သည်။ စတုတ္ထတန်း အင်ဂျင်နီယာ ငါးယောက်ပါသည်။ ဖိုမင် ၆၊ လက်သမား ၂၅၊ ပန်းရန် ၃၊ စက်မောင်း စက်ပြင် ၈၊ သံထည်ကိုင် ၁၀၊ ပစ္စည်းထိန်း ၂၊ ယာဉ်မောင်း ၃၊ ရေငုပ် ၃ နှင့်အလုပ်သမားများဖြစ်သည်။ မိန်းမသားတစ်ယောက်မှမပါ။ နောက်တစ်လခန့်ရှိမှ ခေါ်မည်ဟု စီစဉ်ထားသည်။ နောက်ထပ် လိုက်လာမည့်သူများလည်း ကျန်သေးသည်။

သောင်းဒန်ကား အဖွဲ့ခေါင်းဆောင်။ သူ့လက်အောက်ရှိ အင်ဂျင်နီယာလေးများကို အဖွဲ့ငယ်ခေါင်းဆောင်များခန့်ကာ လမ်းခရီးတွင် အုပ်ထိန်းစေသည်။ ရထားထွက်၍မှ တစ်နာရီသာသာရှိသေးသည့် အချိန်တွင်ငိုင်တိုင်တိုင် မှိုင်တွေတွေဖြစ်သူ ဖြစ်နေကြပြီ။

ကျွန်တော်  ညအိပ်ညနေခရီးဆိုလို့  ဘယ်မှမထွက်ဖူးဘူးဆရာ။  အခု ပထမဆုံးအကြိမ်ပဲ။

ကျွန်တော်တို့အိမ်က သားမယားတွေကို နောက်တစ်လလောက်ရှိရင်တော့ ခေါ်လို့ဖြစ်မှာပါနော်ဆရာ

လက်သမားဆရာဘချစ်က    လှမင်းကိုကပ်၍ မေးနေသည်။ သောင်းဒန်သည် စာအုပ်တစ်အုပ်ဖတ်ရင်း ကြားလိုက်သည်။ သို့သော် မသိချင်ယောင်ဆောင်နေသည်။

ရမှာပေါ့ဗျာ၊ ကျွန်တော်လည်း အိမ်သားတွေကို ခေါ်ရမှာပဲ။ ခင်ဗျားတို့ ဆရာကြီးကို မေးကြည့်ပါလားဗျ။ သူစီစဉ်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘာမှမပူနဲ့

သောင်းဒန်ကို လှမင်းက ဆရာကြီးဘွဲ့ပေးလိုက်သည်။ သူတို့ကို  ဆရာခေါ်လျှင်  သူ့ကိုဆရာကြီး ခေါ်ရမှာပဲ။ ဒါမှ သဘာဝကျမယ်။

ဟေ့ ဘာလဲကွ ဘချစ်။ မင်းအိမ်က မိန်းမကို လွမ်းနေပြီလား သောင်းဒန် အောင့်မနေနိုင်တော့။

မဟုတ်ပါဘူး ဆရာကြီး

ဘာမဟုတ်ရမှာလဲကွ။ ရန်ကုန်က ထွက်တာမှ တစ်နာရီကျော်ကျော် ရှိသေးတယ်။ မင်းက မိန်းမခေါ်ဖို့ စကားပြောနေပြီ။ မင်းဘယ်တုန်းက မိန်းမရတာလဲ

နှစ်နှစ်ရှိပြီ ဆရာကြီး။ ဆရာကြီးပဲ ကျွန်တော့်မင်္ဂလာဆောင်တုန်းက သာကေတကို လာသေးတယ်

အေး  ဟုတ်သားပဲ၊ ကလေး ရနေပြီပေါ့ ဟုတ်ကဲ့ ဆရာကြီး၊ ခြောက်လသမီး ရှိနေပြီ။

မအေတူလေး ဆရာကြီးရဲ့။ သိပ်ချစ်စရာ ကောင်းတာပဲ

သောင်းဒန် ငေးနေသည်။ ဘချစ် ပြောသည်ကိုသူ မကြားတော့။ သူ့စိတ်ကလည်း အိမ်သို့ရောက်နေသည်။ သူ့သမီးငယ် မိတာသည် ၀၀ဖိုင့်ဖိုင့်ကြီးဖြစ်သည်။ ချစ်စရာကောင်းသည်။ တီတီတာတာစကားပြောတတ်သည်။ ပေပေဂျီး ဘယ်တော့ ကျန်လာမာလဲ ဟု ခရီးထွက်ခါနီးမေးသည်ကို နားထဲတွင် ကြားနေသည်။ ဘချစ်ကို  သူကိုယ်ချင်းစာမိသည်။

သြော် ငါ့နှယ် အသည်းငယ်လိုက်တာ

ဟေ့ ဟေ့၊ အားလုံး ငေးတိငိုင်တိုင်နဲ့ချည်းပဲ။

စကားပြောကြလေကွာ၊ ဟိုအကြောင်း ဒီအကြောင်းပြောကြ။  ခင်ဗျားတို့အထဲမှာ  စိမ့်မြိုင်သားတွေ ပါသလား။ စိမ့်မြိုင်ဆိုတာ ဟိုတုန်းကတော့ အင်မတန်ပျော်စရာကောင်းတာပဲ။ ခုလို လူနေအိမ်ခြေလည်း မထူထပ်သေးဘူး။ မြို့ကွင်း မြို့ကွက်ကလည်း သိပ်လှတယ်။ အနီးပတ်ဝန်းကျင်ကလည်း လည်စရာနေရာက အများကြီးပဲ

သောင်းဒန်လည်း စုံအောင်စေ့အောင် မရောက်ဖူးသေး။ အချိန်ရလျှင် လည်ရပတ်ရဦးမည်။ အချိန်ရလျှင် ကျောင်းပိတ်ရက်တွင် မြင့်မြင့်သန်းနှင့် မိမာ၊ ဖိုးတုတ်၊ မိတာတို့ကို  စိမ့်မြိုင်သို့  အလည်အပတ်ခေါ်ရမည်။

ဆက်လက်ဖော်ပြပါမည်။

ကျော်အောင်