အမျိုး ဘာသာ သာသနာတည်တံ့ရှည်ကြာရေး

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)သည် မြန်မာ့သမိုင်း၌  အစဉ်အလာကြီးမားသော အသင်းကြီးဖြစ်ပေသည်။ ခရစ်နှစ် ၁၉၀၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၁၄ နှစ်တိုင်အောင် တည်တံ့ခိုင်မြဲနေသော  အမျိုးသားရေးအသင်းကြီး ဖြစ်သည်။  အသင်းကြီးစတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ခေတ်စနစ်အမျိုးမျိုး၊ ပြောင်းလဲခြင်းအမျိုးမျိုးကိုကျော်ဖြတ်လာခဲ့သည့် တစ်ခုတည်းသော ဝံသာနုအမျိုးသားရေးအသင်းကြီး ဖြစ်သည်။ အသင်းကြီးစတင်ဖွဲ့စည်းစဉ်က ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကြီးပွားတိုးမြှင့်ရေးဖြစ်ပြီး ကြွေးကြော်ချက်သည် အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကို ချီးမြှင့်ပါ၊ ပညာရေးကိုအားပေးပါ ဟူ၍ဖြစ်သည်။

အသင်းကြီးစတင်ဖွဲ့စည်းစဉ်က ချမှတ်ခဲ့သော ရည်ရွယ်ချက်နှင့် ကြွေးကြော်ချက်များကို ယနေ့ထိတိုင် မပျောက်ပျက်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများ၊ လိုအပ်ချက်များကို ခေတ်စနစ်နှင့်အညီ မှန်ကန်စွာ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်များ အနေဖြင့် နံနက်မိုးသောက်အလင်းရောက်သည်နှင့်   မင်္ဂလာတရားနှင့်အညီ နေထိုင်ကြသည်။  မင်္ဂလာတရားကို လွန်စွာ တန်ဖိုးထားပြီး ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ပူဇော်ကန်တော့ပြီးမှ မိမိတို့လုပ်ဆောင်စရာ လုပ်ငန်းကိစ္စအ၀၀ကို ဆက်လက်လုပ်ဆောင်လေ့ ရှိကြသည်။  သူတော်စင်တို့၏ နှလုံးသားဝယ် ဘုရားတည်ထားပြီး ဖြစ်ပေရာ  ဗုဒ္ဓဘာသာသည် လွန်စွာအေးမြ၍ စိတ်ကြည်လင်မှုအပေါင်းကို ပေးလေသည်။

ရှေးမြန်မာကြီးများသည် ဗုဒ္ဓဘာသာသာသနာယဉ်ကျေးမှုကို အလေးအနက်ထိန်းသိမ်းလာခဲ့ကြသည်။

ထိုသို့ထိန်းသိမ်းရာတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ကြီးသူကိုရိုသေလေးစားခြင်း၊ ရွယ်တူကိုချစ်ခင် တန်ဖိုးထားခြင်း၊ ငယ်သူအပေါ်သနားညှာတာ ကြင်နာခြင်းတို့ဖြင့် ပြုမူဆက်ဆံခဲ့ကြသည်။ ဗုဒ္ဓဘာသာ၏ အသက်သည် သာသနာတော်ကို စောင့်ရှောက်လျက်ရှိသော အကျင့်သိက္ခာဝိနည်းနှင့် ပြည့်စုံသည့် သံဃာတော်များပင်ဖြစ်သည်။ သံဃာတော်များအနေဖြင့် သာသနာတော်ကို ကောင်းစွာစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ဆွမ်း စသည့်အာဟာရများကို ထောက်ပံ့လှူဒါန်းကြရမည် ဖြစ်သည်။ ထိုသို့လှူဒါန်းရန်မှာ ဒါယကာ၊ဒါယိကာမများ၏ တာဝန်ပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက ထိုလိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးလျက် ရှိနေသည်မှာ နှစ်ကာလရှည်ကြာခဲ့ပြီ ဖြစ်သည်။

ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး၏ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်သည့် ဆွမ်းတော်ကြီး တင်လှူပွဲ အခမ်းအနားသို့ အသင်းကြီး၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က သြဝါဒ သဝဏ်လွှာ ပေးပို့ခဲ့သည်။ အဆိုပါသဝဏ်လွှာတွင် “မြန်မာ့သမိုင်းတွင် အစဉ်အလာကောင်းများဖြင့် ပေါ်ထွန်းလာခဲ့သည့် ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီးသည် နိုင်ငံနှင့်လူမျိုးအတွက် ခေတ်အဆက်ဆက် သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ယနေ့အချိန်၌လည်း အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာဆိုင်ရာ လုပ်ငန်းများတွင် များစွာသောလုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ဆောင်ရွက်ရန် လိုအပ်နေချိန် ဖြစ်ပါသည်။ ယနေ့နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တည်ဆောက်နိုင်ရန်အတွက် သမိုင်းအစဉ်အလာကြီးမားသည့် အသင်းကြီး၏ ကောင်းမြတ်သော အစဉ်အလာများကို ထိန်းသိမ်းပြီး  ကျရာအခန်းကဏ္ဍမှ  ရည်ရွယ်ချက်မပျောက်ပျက်ဘဲ နိုင်ငံ့အကျိုး၊ ဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုး ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း သဝဏ်လွှာပေးပို့အပ်ပါသည်” ဟူ၍ ဖော်ပြပါရှိခဲ့သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအများစု စုစည်းနေထိုင်ရာနိုင်ငံဖြစ်သည်။ ဘာသာရေးသည် လူသားများအား ယဉ်ကျေးအောင် သင်ကြားပေးနိုင်သော စွမ်းအားစုကြီးဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအမျိုးသားရေး စရိုက်လက္ခဏာတို့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများမှ ဆင်းသက်လာသည်မှာ သမိုင်းစဉ်ဆက်ရှိခဲ့သည့် အမှန်တရားပင် ဖြစ်ပေသည်။ ဘာသာရေးသည် နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုလက္ခဏာကို ဖော်ဆောင်လျက်ရှိပေရာ ယဉ်ကျေးမှုသည် လူမျိုး၏ အသက်ဟု ဆိုပါလျှင် ဘာသာရေးသည် လည်း လူမျိုး၏နှလုံးသားဟု ဆိုရပေမည်။ မိမိတို့၏ ဘာသာသာသနာ ယဉ်ကျေးမှုကို မိမိတို့ ဗုဒ္ဓဘာသာဝင်များကပင် စောင့်ရှောက် ထိန်းသိမ်းကြရမည် ဖြစ်သည်။  ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတစ်လျှောက်မှစတင်၍ ယနေ့တိုင် အမျိုး၊ ဘာသာ၊  သာသနာကို ထိန်းသိမ်းစောင့်ရှောက်၍  နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပေရာ  အမျိုး၊ ဘာသာ၊ သာသနာတည်တံ့ ရှည်ကြာရေးအတွက်  ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းက  ဤအသင်းကြီးနှင့်အတူ  ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။     ။