လမ်းဘေးအစားအစာနှင့် ကျန်းမာရေးပြဿနာ

“ခေါက်ဆွဲကြော်တစ်ပွဲ  ကြက်သားနဲ့” စားပွဲထိုးလေးက အကြော်ဆရာထံသို့ လှမ်းအော်ပြောသည်။ မီးအပူ ကြောင့် ချွေးပြန်နေသော  အကြော်ဆရာက ၎င်းရှေ့တွင်ရှိသည့် အသီးအရွက်များထည့်ထားသောဗန်းထဲမှ အသီးအရွက်များကိုဆုပ်၍ ယူလိုက်သည်။ အသီးအရွက်တို့ကို ရေမဆေးတော့ဘဲ စဉ်းတီတုံးပေါ်သို့တင်၍ ဓားဖြင့်လှီးပြီး   ဆီပူအိုးထဲသို့  ပစ်ထည့်လိုက်၏။

ယခုတင်ပြချက်မှာ စားသုံးသူတစ်ဦးမှာတိုင်း လုပ်ပေးနေကျ လုပ်ရိုးလုပ်စဉ်မြင်ကွင်း တစ်ခုဖြစ်သည်။  ယခုနောက်ပိုင်း မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ စသောမြန်မာ့ ရိုးရာ အစားအစာများနေရာတွင် တရုတ် ခေါက်ဆွဲကြော်၊ ထမင်းပေါင်း၊ ကိုရီးယား အသားကင်၊ ယိုးဒယားသင်္ဘောသီးထောင်း စသည့် ပြည်ပ အစားအစာများက အစားထိုးနေရာယူလာကြသည်။

လူစည်ကားရာနေရာမှ စားသောက်ဆိုင်ကြီးများက ဈေးနှုန်းကြီးမြင့်သည်။ ထိုစားသောက်ဆိုင်ကြီးများ၏ ဈေးနှုန်းထက်ဝက်ခန့်ဖြင့်ရောင်းသော လမ်းဘေးစားသောက်ဆိုင်လေးများ တစ်နေ့တခြားများပြားလာသည်။ အခြေခံလူတန်း စားများအတွက် စားသောက်ဆိုင်များ သန့်ရှင်းမှု ရှိ၊ မရှိကို ဂရုမထားတော့ဘဲ ဈေးနှုန်း ချိုသာမှုကိုသာကြည့်ပြီး  ဝယ်ယူစားသုံးနေကြသည်။

ဖော်ပြပါ ဈေးဆိုင်ငယ်လေးများ၏ နေရာသည် နေ့စဉ်နှင့်အမျှ မော်တော်ယာဉ်များ ဖြတ်သန်းသွား လာရာလမ်းဘေးတွင်ဖြစ်ခြင်းကြောင့် ဖုန်မှုန့်များလွင့်ပျံ့၍  မဖုံးအုပ်သော အစားအသောက်များ ထဲသို့ ဖုန်မှုန့်များ ဝင်ခြင်း၊ ဟင်းသီးဟင်းရွက်များကို ရေဖြင့် ကောင်းစွာ မဆေးကြောသဖြင့် ဗက်တီးရီးယား ပိုးများ ရှိနေခြင်း စသည့် သန့်ရှင်းမှုအားနည်းခြင်းများကို  လူတိုင်းက သတိမထားဘဲ စားသုံးနေကြသည်။

ချက်ပြုတ်သူကလည်း လက်အိတ်မစွပ်၊ ဟင်းသီးဟင်းရွက်များကို ရေမဆေးဘဲ ခုတ်ဖြတ်လှီးပြီး   ဆီဒယ်အိုး ထဲသို့  တန်း ထည့်သဖြင့် သန့်ရှင်းမှုအားနည်းနေသည် ကတော့ အမှန်ပင်။ ထိုသို့ လမ်းဘေးစား သောက်ဆိုင် တချို့၏ မသန့်ရှင်းသောအစားအသောက်များကြောင့် ဝမ်းရောဂါနှင့် အစာအဆိပ်သင့်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

လမ်းဘေးဈေးဆိုင်များ၊ စားသောက်ဆိုင်များအား သန့်ရှင်းရေးနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက် များကို အသိပညာပေးမှု အလွန်အားနည်းနေသေးကြောင်း တွေ့ရသည်။ အရေးယူဆောင်ရွက်မှုလည်း မရှိသဖြင့်  အစားအစာမသန့်ရှင်းမှုကြောင့်ဖြစ်ရသော ရောဂါဖြစ်ပွားရမှုနှုန်းလည်း ပို၍မြင့်တက်လာခဲ့သည်။

စီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများ၌ လမ်းဘေးဈေးဆိုင်များသည် ပြည်သူ့ကျန်းမာရေးအတွက် ပြဿနာကြီးကြီး မားမားမရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌မူ ပြဿနာအဖြစ် တွေ့ရှိနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်ထားသော လမ်းပေါ်တွင်ရောင်းချ သည့်  အစားအသောက်များ၏ အရည်အသွေး စစ်ဆေးချက်စာတမ်း၌ ဖော်ပြထားသည်ကို အင်တာနက်တွင်  ဖတ်ရှုရ သည်။

လမ်းဘေးဈေးဆိုင်ဆိုသည်မှာ လူသွားလမ်း၊ ပလက်ဖောင်းစင်္ကြံများ၊ မြေကွက်လပ်များ၊ တိုက်ကြိုတိုက်ကြား များတွင် အစားအစာများ ပြင်ဆင်တည်ခင်း ရောင်းချသော စားသောက်ဆိုင်များကို ဆိုလိုခြင်းဖြစ်သည်။ ထိုဆိုင်များသည် အခြေခံလူတန်းစား၊ လက်လုပ်လက်စားများ အတွက် တန်ဖိုးအနည်းငယ်ဖြင့် ဝယ်ယူ စားသောက်နိုင်သည်။

အဆိုပါဆိုင်များ၏ အစားအစာပြင်ဆင်ခြင်း၊  ကိုင်တွယ်ခြင်း၊  ထားသိုခြင်းတို့မှရောဂါပိုးမွှားများနှင့် ဓာတု အဆိပ်အတောက်များ အစားအသောက်များတွင် ပါဝင်ပါက ကျန်းမာရေးအတွက် ပြဿနာများ ဖြစ်စေသည်။ မြန်မာနိုင်ငံ၌ အစားအသောက်ဥပဒေ ပြဋ္ဌာန်းထားပြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားသည်။ ပြည်သူတို့စားသုံးသည့် အစားအစာများတွင် အန္တရာယ်ရှိ၊ မရှိကို ကြီးကြပ်စစ်ဆေးပြီး ဖျက်ဆီးပစ်ခြင်းများ လုပ်ဆောင်ရန်လိုအပ်နေကြောင်း ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများက ဆိုသည်။

ထို့ပြင် အသိပညာပေးမှုများပြုလုပ်ရန်လည်း အထူးလိုအပ်လှပါသည်။ အရေးယူခြင်းထက် သန့်ရှင်းသည့် အစားအစာများ ရောင်းချနိုင်ရန် အသိပညာပေးမှုအပိုင်းက အရေးတကြီးလိုအပ်သည်။ အဆိုပါ   လမ်းဘေး စားသောက်ဆိုင်များသည် တရားဝင်လိုင်စင်ဖြင့်လုပ်ကိုင်နေသော လုပ်ငန်းများမဟုတ်ခြင်းကြောင့် စံနှုန်း သတ်မှတ်ကာ  စည်းကမ်းချမှတ်ပေးနိုင်ခြင်းမရှိသေးဘဲ အစားအစာ နှင့်ပတ်သက်၍ သန့်ရှင်းမှုရှိရန်  အသိ ပညာပေးလုပ်ငန်းများသာ လုပ်နိုင်သေးကြောင်း သိရသည်။

စင်ကာပူနိုင်ငံ၌ သန့်ရှင်းသော လမ်းဘေးစားသောက်ဆိုင်များ ဖြစ်စေရေးအတွက် အစိုးရက ဆိုင်များကို ပုံမှန်စစ်ဆေးရန် အဆင့်များသတ်မှတ်ပြီး ပြည်သူများထံ အသိပညာပေးထုတ်ပြန်ခြင်းများ ပြုလုပ်သည်။  ယင်းလမ်းဘေးစားသောက်ဆိုင်များကြောင့် စားသုံးသူတစ်ခုခုဖြစ်ပွားလျှင် ယင်းဆိုင်ကို  ပိတ်သိမ်းသည်အထိ  အရေးယူခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌လည်း အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစား အသောက်စစ်ဆေးရန် တာဝန်ရှိသူများက အန္တရာယ်ရှိသော အချက်များကို ရှာဖွေဖော်ထုတ်၍ ဖယ်ရှား ရှင်းလင်းပေးခြင်း၊ ပညာပေးခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်း၊ ရောင်းချသူများကို အသိပညာပေး သင်တန်းများ ပို့ချပေးခြင်း၊ သန့်ရှင်းမှုဆိုင်ရာစစ်ဆေးခြင်း၊ ဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးခြင်းတို့  လုပ်ဆောင်ရန် လိုအပ်သည်။

ထို့ပြင် အာဟာရပြည့်ဝ၍ အန္တရာယ်ကင်းရှင်းသော အစားအစာများကို ရွေးချယ်စားသုံးရန်၊   အလွယ်တကူ သွားလာ ဝယ်ယူရရှိစေရန်နှင့် တန်ဖိုးနည်းပြီး ဝင်ငွေနှင့်ချင့်ချိန်ဝယ်ယူနိုင်ရန်ဟူသည့် အချက်သုံးချက် နှင့်ပြည့်စုံသော အစားအသောက်များ ဖြစ်ရန် လိုအပ်ပါသည်။

ရောင်းချသူများဘက်မှ သန့်ရှင်းလတ် ဆတ်ပြီး   ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများရောင်းချရန် လိုအပ်သကဲ့သို့ စားသုံးသူများကလည်း သန့်ရှင်းမှု ရှိ၊ မရှိ စိစစ်တတ်ရန် လိုအပ်သည်။ သို့မှသာ  ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသော အစားအစာများကို စားသုံးနိုင် မည်ဖြစ်သည်။

ထိုသို့ ရောင်းချသူ၊ စားသုံးသူ၊ အစားအစာ သုံးရပ်စလုံးကို ကျန်းမာရေးအသိဖြင့် မထိန်းညှိနိုင်ပါက မသန့်ရှင်းသော အစားအစာများကြောင့်  ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တာဝန်ရှိသူများက လမ်းဘေးစားသောက်ဆိုင်များကို စနစ်တကျစစ်ဆေးအရေးယူပြီး     ကြပ်မတ်ဆောင်ရွက်ပေးကြမည်ဆိုပါက ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို   စားသုံးနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။

ဝင်းဇော်(သုံးဆယ်)