ကျန်းမာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 နေပြည်တော်  ဇူလိုင်  ၃၀

ကျန်းမာရေး ဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေး မြေဧရိယာ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင်  ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့က ရတနာတန်းဝင် ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊  ဌာနဆိုင်ရာ အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် ၁၅၀ အပါအဝင် တည်ပင် ၄၀၊ သစ်ဆိမ့် ၃၅ ပင်၊ ပုတီးဖြူ ၄၅ ပင်၊ ပိန္နဲပင် ၃၀၊ ခရေပင် ၃၀၊ ဆီသပြေပင် ၄၀၊ ကံ့ကော်ပင် ၃၀၊ သစ်ကြံပိုးပင် ၃၀ စုစုပေါင်းသစ်ပင် ၄၃၀ ကို ဆက်လက် စိုက်ပျိုးပေးကြသည်။

ထိုသို့ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန မိုးရာသီငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ် ဇမ္ဗူကျက်သရေလမ်းရှိ မင်္ဂလာကန်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက  မင်္ဂလာကန်အတွင်းသို့ ငါးမျိုးများကို ဦးစွာစိုက်ထည့်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများနှင့်  အရာထမ်း၊  အမှုထမ်းများက ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက် အကောင်ရေ စုစုပေါင်း ၃၀၀၀၀     ကို   မင်္ဂလာကန်အတွင်းသို့ စိုက်ထည့်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည် တော်ရှိ   အမျိုးသား ပရဆေးဥယျာဉ်၌ ကျင်းပသည့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းရင်းဆေးပညာ ဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ်တို့က ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြင်ပလူနာဌာနခွဲ အတွင်းရှိ လူနာမှတ်ပုံတင်ဌာန၊ လူနာစမ်းသပ်ခန်းနှင့် လူနာကုသခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လူနာများအား တိုင်းရင်းဆေးပညာဖြင့် ကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တိုင်းရင်းဆေးပညာ ဦးစီးဌာနက သိပ္ပံနည်းကျ သုတေသနပြုထုတ်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါ အပါအဝင် တုပ်ကွေးရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည့် ဆေးခါးကြီးပါဝင်သော ဝိသမအဖျားပျောက်ဆေးဖြင့် လူနာများကို အောင်မြင်စွာ ကုသပေးနိုင်မှု အခြေအနေကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား   ဝိသမအဖျားပျောက်ဆေး၏ ကောင်းကျိုး အာနိသင်များကို သိရှိနိုင်ရေးနှင့် ဆေးကို ကျယ်ပြန့်စွာ ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်   မှာကြားပြီး ယခင်နှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် အမျိုးသားပရဆေး ဥယျာဉ်၌ ကျန်းမာရေး ဝန်ကြီးဌာနက စိုက်ပျိုးခဲ့သည့်   ပရဆေး ပင်များဖြစ်သည့် ကံ့ကော်ပင်၊ ကရမက်ပင်၊ သရဖီပင်နှင့် စကားဝါပင်များ ရှင်သန်ဖြစ် ထွန်းနေမှုနှင့် ဥယျာဉ်အတွင်း စိုက်ပျိုးထားသည့် ဆေးခါးကြီးပင် စိုက်ခင်းကို ကြည့်ရှုသည်။

ပြည်သူလူထု၏   ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးရာတွင် ပြည်သူများအနေဖြင့် ပိုမိုလက်လှမ်းမီစေရန် ရည်ရွယ်၍ နေပြည်တော် အမျိုးသားပရဆေး ဥယျာဉ်အတွင်း ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊  အပတ်စဉ်  တနင်္လာနေ့မှ သောကြာနေ့အထိ  နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ကုသ ပေးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက်ကုသမှု ခံယူနိုင်ကြောင်း သိရသည်။