ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသည့်အတွက် နှစ်ပတ်လည်စိုက်ပျိုး

ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသည့်အတွက် နှစ်ပတ်လည်စိုက်ပျိုး

ရောင်းချလျက်ရှိ

     မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်၊သံရွာကျေးရွာ အုပ်စု ညွန့်ပင်ကျေးရွာ၌ ဂန္ဓာပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေ ရရှိသည့် အတွက် နှစ်ပတ်လည်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။

ဂန္ဓမာပန်းသည် ရွှေစိမ်းအနီ၊ ခိုင်ချူး၊စံပယ်ဖြူ၊ စံပယ်ဝါ၊ ကျောက်စိမ်း၊ ရွှေဝါဝင်း စသည်ဖြင့် အမျိုးအစားများစွာရှိပြီး မိမိတို့စိုက်ပျိုးလိုသည့် ပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ပန်းပျိုးပင် အမျိုးအစားပေါ်မူတည်ပြီး ပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၁၀ကျပ် ၊၁၅ ကျပဖြင့် ဝယ်ယူရကာ လေးလအကြာတွင် ပန်း များ စတင်ချိုးယူရောင်းချရကြောင်း၊ ပန်းတစ်စည်းလျှင် ငွေကျပ် ၃၅၀၀ မှ ၅၀၀၀အထိဈေးရကြောင်း သိရသည်။

ဂန္ဓမာပန်း များကို စိုက်ပျိုးရာတွင် ကိုင်းဖြာမှု ကောင်းစေရန်နှင့် အပင်နှင့်အပွင့်သန်မာပြီး အရောင်အသွေးလှပစေရန် ပန်းစိုက်ပျိုးမည့်မြေကို သဘာဝမြေသြဇာဖြစ်သည့် နွားချေးများဖြင့် ပြုပြင်ပေးထားရပြီး ပန်းအမျိုးအစားနှင့် မြေအမျိုးအစားကို ကြည့်ကာမြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ ဂန္ဓမာပန်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက ပျိုးပင်ခြောက်သောင်းခန့် စိုက်ပျိုးရပြီး ရေကြိုက်နှစ်သက်သဖြင့်အစိုဓါတ်မပြတ်စေရန် ရေသွင်းပေးရကာ အပင်များအပေါ် ရေဖျန်းပေးနိုင်ပါက အပင်၏ကိုင်းဖျားမှ အောက်ခြေအထိ အရွက်များ အမြဲစိမ်းလန်းနေသည့် အတွက် ရောင်းချရာတွင် လူကြိုက်များကြောင်း သိရသည်။