မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးပိုမို

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးပိုမို

    ယခုဘဏ္ဍာနှစ်  ဧပြီ ၁ ရက်မှ  ဇူလိုင် ၂၁ ရက်အထိ လေးလနီးပါး ကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ  အမေရိကန်ဒေါ်လာ သန်း  ၁၀၀၀ ကျော် ရှိပြီး  ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ  သန်း  ၅၀၀ နီးပါး ပိုမိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကုန်သွယ်မှု ပမာဏသည်  ယခု ဘဏ္ဍာနှစ်   လေးလနီးပါး ကာလအတွင်း ရရှိထားသည့် စာရင်းဖြစ်ပြီး ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၆၈၃ ဒသမ ၁၀၄ သန်းနှင့် သွင်းကုန်မှ   အမေရိကန်ဒေါ်လာ   ၅၄၅ ဒသမ ၅၉၉ သန်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၂၂၈ ဒသမ ၇၀၃ သန်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်    ကာလတူက မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ  အမေရိကန်ဒေါ်လာ ၇၅၅  ဒသမ ၈၁၆ သန်းရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက  ယခုဘဏ္ဍာနှစ်တွင်  အမေရိကန်ဒေါ်လာ  ၄၇၂ ဒသမ ၈၈၇ သန်း ပိုမိုကြောင်း သိရသည်။

မြန်မာ-တရုတ်   နှစ်နိုင်ငံကုန်သွယ်မှု ပြုလုပ်ရာတွင် ကုန်သွယ်ရေး စခန်းများဖြစ် သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်နှင့်  ကျိုင်းတုံနယ်စပ် ကုန်သွယ် ရေးစခန်းတို့မှ တစ်ဆင့် ကုန်သွယ်မှုပြုလုပ် နေခြင်းဖြစ်ပြီး ယင်းတို့အနက်  မူဆယ် ကုန်သွယ်ရေး စခန်းမှ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေကာ ယင်းမူဆယ်ကုန် သွယ်ရေးစခန်းမှ   ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ  ၇၉၂ ဒသမ ၁၈၂ သန်း၊    လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ  ၂၅  ဒသမ ၈၀၉ သန်းရှိကြောင်း၊   ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ  အမေရိကန်ဒေါ်လာ  ၃၅၅ ဒသမ  ၀၃၆  သန်း၊  ကံပိုင်တည် နယ်စပ်ဂိတ်မှ  အမေရိကန်ဒေါ်လာ  ၅၂ ဒသမ  ၉၆၇ သန်း၊ ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေး စခန်းမှ  အမေရိကန်ဒေါ်လာ  ၂ ဒသမ ၇၀၉ သန်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ    လယ်ယာထွက်ကုန် ပစ္စည်းများ အပါအဝင်  ကြက်သွန်၊  ငရုတ်၊ ရော်ဘာနှင့်   ရေထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး  တရုတ်နိုင်ငံမှ  ဆောက်လုပ်ရေးပစ္စည်း၊   လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့်  ဆေးဝါး များ တင်သွင်းကြောင်း သိရသည်။