ပန်းတနော်မြို့နယ်၌ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ အထိ ဈေးကောင်းရရှိနေ

ပန်းတနော်မြို့နယ်၌ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ အထိ ဈေးကောင်းရရှိနေ

    ဧရာဝတီတိုင်းဒေသကြီး   ပန်းတနော်မြို့နယ်၌ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ အထိ ဈေးကောင်း ရရှိနေကြောင်း ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်း များ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်ဝင်းဝင်းမော်၏ ပြောဆိုချက်အရ သိရသည်။

ပန်းတနော်မြို့နယ်၌ ပြီးခဲ့သည့်မေလ နှင့် ဇွန်လအတွင်းက ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀  သာဈေးရှိပြီး ဇူလိုင် ပထမပတ်မှ လက်ရှိအချိန်ထိ တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ အထိ ဈေးရရှိလာ ကြောင်း၊  ထိုသို့  ဈေးကောင်းရရှိလာခြင်းသည် ဒေသထွက်ရေထွက်ကုန် ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံများထံ ငါးကြင်းအဝင် နည်းပြီး   ရန်ကုန်မြို့မှ  အဝယ်လိုက်လာ ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ငါးကြင်းဈေး ကောင်းလာပါတယ်။ ဒေသတွင်းမှာ ငါးကြင်းအဝင်နည်း နေတာရယ်၊  ရန်ကုန်ဘက်က  ဒေသထွက် ငါးကြင်းတွေ    အဝယ်လိုက်နေတာရယ် ကြောင့် ဈေးကောင်း ရရှိလာတာပါ။ ပြီးခဲ့တဲ့ မေလနဲ့ဇွန်လအတွင်းက အခုလောက်ဈေး ကောင်းမရခဲ့ဘူး။  ဇူလိုင်ပထမပတ်က စတင်ပြီး ဈေးကောင်း ရရှိလာတာပါ။ ဒါ့ပြင်  တခြားငါးတွေလည်း  ဈေးကောင်းရလာပါတယ်” ဟု  ဒေါ်ဝင်းဝင်းမော်က ပြောသည်။

ပန်းတနော်မြို့နယ်၌ ရေထွက်ကုန်ပစ္စည်း   ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ရေထွက်ကုန်များကို ဝယ်ယူပြီး ဒေသဈေးကွက်အပြင်  ရန်ကုန်မြို့သို့  တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှ တစ်ဆင့်  တခြားဒေသများသို့ ဆက်လက် ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း     သိရသည်။