လူမှုရေးနှင့် သစ္စာတရား

လူမှုရေးနှင့် သစ္စာတရားအကြောင်းကို ကျွန်မတွေးတော ဆင်ခြင်မိသမျှ တင်ပြလိုပါသည်။

လူမှုရေးဟူသည် အလွန်ပင် အရေးကြီးသကဲ့သို့ လွန်စွာလည်း နက်နဲခက်ခဲလှပေသည်။ ကျွန်မတို့ လူသားအားလုံးသည် လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေးအား သွေဖည်၍မရနိုင်ပါ။ လူမှုဆက်ဆံရေး နယ်ပယ်သည် လွန်စွာကျယ်ဝန်း ရှုပ်ထွေးလှသည့်အတွက် မည်သည့်အလုပ်ကိုလုပ်လုပ် လူမှုရေးမပါလျှင် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ဦးနှင့်တစ်ဦး ဆက်ဆံပြောဆိုရေးသည် အရေးကြီးလှသည့်အတွက် ဖြစ်ပါသည်။ လူနှင့်ပတ်ဝန်းကျင်ကို ဆန့်ကျင်ဘက်လုပ်၍ မရနိုင်ပါ။ လူအများနှင့်သော်လည်းကောင်း၊ အသိုက်အဝန်း တစ်ခုအတွင်းမှာ သော်လည်းကောင်း တစ်ယောက်ကိုတစ်ယောက် မိမိတတ်နိုင်သည့်ဘက်မှ ကူညီခြင်း၊ ဆက်ဆံခြင်း၊ ပေါင်းသင်းခြင်း၊ ချစ်ခင်ရင်းနှီးမှုရယူခြင်း တို့ပြုရပေမည်။ စေတနာ၊ မေတ္တာစစ်တို့ မှန်ကန်စွာ ထားရှိပြီး တစ်ဦးကိုတစ်ဦး ကူညီလုပ်ဆောင်ပေးလျက် သစ္စာရှိစွာလုပ်ဆောင်ကြပါမှ မည်သည့်လုပ်ငန်းမဆို အောင်မြင်မည်သာ ဖြစ်သည်။

လူမှုရေးဆိုသည်မှာ သေးငယ်သည့်ကိစ္စဖြစ်စေ၊ ကြီးမားသည့် ကိစ္စဖြစ်စေ သူ့နေရာနှင့်သူ အရေးကြီးကြပါသည်။ တကယ်တမ်း လက်တွေ့ပိုင်း လုပ်ကိုင်ရာတွင် အခက်အခဲရှိသလို လူတိုင်းလည်း မလုပ်နိုင်ကြပါ။

ကျွန်မတို့ မြန်မာလူမျိုးများတွင် ကိုယ့်နိုင်ငံအတွက် လုပ်ဆောင်ပေးချင်သော စိတ်များမှာ လူတိုင်းတွင် ရှိကြပါသည်။ သို့သော် မှန်ကန်သော နည်းလမ်းများနှင့် လုပ်နိုင်သော အင်အားမရှိကြခြင်းကြောင့်ပင် လူတိုင်းမလုပ်နိုင်ကြပါ။ ကျွန်မမြင်တွေ့ ရသလောက် ပြောရလျှင် ကျွန်မတို့ရပ်ကွက်၊ ကျေးရွာ၊ ပြည်နယ်များမှာ အတူတကွ နေထိုင်ခဲ့ကြသော လူအများသည် နေ့စဉ်တွေ့ကြုံနေရသော လူမှုကိစ္စများကို ဝိုင်းဝန်းဖြေရှင်းခဲ့ကြသည်။ သာရေးနာရေးမှအစ ဘာသာရေး၊ သာသနာရေးများ၌လည်း သူတို့တတ်နိုင်သည့်ဘက်က ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရပ်ရေးရွာရေးကိစ္စများတွင်လည်း ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ရပ်ကွက်ဦးဆောင်အဖွဲ့၏ စီမံပေးချက်ဖြင့် လုပ်ဆောင်နေလေ့ရှိကြသည်။ ယင်းတို့မှာ မြန်မာတို့၏ ဓလေ့စရိုက်ကောင်းများပင်ဖြစ်သည်။

ကျွန်မတို့မှာ  ထူးထူးခြားခြား   သိသိသာသာ မဟုတ်သော လူမှုရေးကိစ္စများကို နေ့စဉ်လုပ်ဆောင်နေကြရသည်။ ကျွန်မတို့ ရပ်ကွက်ထဲနေစဉ်တုန်းက မြင်တွေ့နေရသော အရာများမှာ လူတိုင်းတွင် မည်သည့်အကြောင်းကိစ္စဖြစ်ဖြစ်  နေ့စဉ်တွေ့ကြုံ နေရသော အခက်အခဲများရှိကြသည်။  တချို့က လူမှုရေး၊ တချို့က စီးပွားရေး၊ တချို့မှာ ကျန်းမာရေး စသည့် အရေးကိစ္စများကို ဝိုင်းဝန်းဖြေရှင်းပေးရခြင်း၊ အကြံဉာဏ်ကောင်းများပေး၍ ကူညီဖြေရှင်းပေးရခြင်းတို့ဖြင့် ပြေလည်ကြရသည်။ ထို့ကြောင့် မည်သည့်အရာပဲလုပ်လုပ် လူမှုရေးဟူသည်မှာ နိုင်ငံအတွက်၊ လူတိုင်းကိုယ်စီအတွက် အရေးပါအရာရောက်၍ တကယ့်အချက်အချာကျလှသည်။

တစ်ဦးဆောင်သော် မရ၊ တစ်သောင်းဆောင်သော် ရ၏ ဟူသော ဆိုရိုးရှိသည်။ လူမှုရေးကို ဦးစားပေး လုပ်ဆောင်သည့်အခါ ဦးစားပေးဆောင်ရွက်စေခြင်းထက် လုပ်ဆောင်နိုင်စွမ်းရှိသူ၊ လုပ်ပေးလိုချင်စိတ်ရှိသူ၊ စေတနာနှင့် ဝါသနာပါသူ၊ ကိုယ်ကျိုးစွန့်လွှတ်တတ်သူ၊ အနစ်နာခံသူ၊ လူတိုင်းအပေါ်မှာ မှန်ကန်ကြည်လင်သော စိတ်ထားဖြင့် ရိုးသားစွာလုပ်ဆောင်တတ်သူများ ရှိရန်လည်း လိုအပ်လှသည်။ တစ်နည်းဆိုရသော် တာဝန်သိသူသည် ဝတ္တရားကို ကျေပွန်အောင်ထမ်းဆောင်သကဲ့သို့ ဝတ္တရားသိသူသည် တာဝန်ကိုလည်း ကျေပွန်အောင်ထမ်းဆောင်ကြသည်။

လူမှုရေးကိစ္စများကို လုပ်ဆောင်နေသောသူများသည် အချင်းချင်းအပေါ်မှာလည်း သစ္စာရှိရန် လိုအပ်သည်။ သစ္စာရှိသည်ဆိုရာတွင်လည်း တစ်ဦးအပေါ် တစ်ဦး လုပ်ငန်းသဘောအရပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးကြောင့်ပဲဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်ရာ၌ မေတ္တာအရင်းခံထားရမည်။ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိကြရမည်။ မိမိ၏ အလုပ်အပေါ် သစ္စာရှိခြင်း၊ လူမှုရေးဘက်မှာလည်း သစ္စာရှိခြင်းများဖြင့် လုပ်ကိုင်ပြောဆိုဆက်ဆံပါက အရာရာတွင် အောင်မြင် နိုင်သည်။ သစ္စာတရားစောင့်စည်းပါက  အားလုံးအတွက် လုံခြုံမှုအင်အားကြီးတစ်ခု ဖြစ်စေသည်။

လူမှုပေါင်းသင်းဆက်ဆံရေးမှာ တစ်ဦးကိုတစ်ဦး မည်သို့ပင် ဆက်ဆံပါစေ သစ္စာမရှိလျှင် အကျိုးမဖြစ်ထွန်းနိုင်ပါဟု ကျွန်မယူဆမိသည်။ ပိုင်းခြားကြည့်ပါက မေတ္တာက မေတ္တာ၊ သစ္စာက သစ္စာပင်။ မေတ္တာရှိတိုင်း သစ္စာမရှိနိုင်ပါ။  မေတ္တာဆိုသည်မှာ  စေတနာက လာပါသည်။ သစ္စာဆိုသည်မှာ စောင့်ထိန်းမှုသဘောပင် ဖြစ်သည်။

တချို့နေရာများမှာ တစ်ဦးကိုတစ်ဦး မေတ္တာထား၍ စေတနာကောင်းကြသည်။ သို့သော် သစ္စာမရှိကြပါ။

သစ္စာရှိသောသူသည်  မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ရဲရဲဝံ့ဝံ့တာဝန်ယူသည်။ ရိုးသားစွာ စိတ်ကို နှိမ့်ချ၍ ပြောဆိုနိုင်သောသူ၊ သစ္စာရှိသောသူသည် မည်သည့် အခြေအနေကြုံကြုံ၊   မည်သည့်အခက်အခဲရှိရှိ၊ မည်သည့် အကျပ်အတည်းတွေ့တွေ့ မိမိလုပ်ရမည့် အလုပ်အပေါ်တွင် အာရုံစူးစိုက်၍ တည့်မတ်စွာရှိခြင်း၊ စိတ်ဓာတ် မဖောက်ပြန်ခြင်း တို့ဖြစ်သည်။ သစ္စာရှိသောသူသည် ပင်ကိုသတ္တိရှိဖို့လိုပါသည်။ ပင်ကိုသတ္တိရှိနေသော ဗီဇစိတ်ခိုင်မာသောသူကို ဆိုလိုသည်။

ပင်ကိုသတ္တိနှင့်  ပင်ကိုဗီဇကောင်းသောသူသည် မည်ကဲ့သို့ ကျင့်ကြံရမည်ဆိုလျှင်-

၁။ ကြံပင်ကဲ့သို့ ကျင့်ဆောင်ရာ၏။ အဓိပ္ပာယ်     ကား ကြံကိုကြိတ်စက်ထဲထည့်၍ ကြိတ်ပါ     သော်လည်း    ကြံ၏ပင်ကို အရသာချိုကို        မလျော့ပါးနိုင်ပါ။

၂။   ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ကျင့်ဆောင်ရာ၏။          အဓိပ္ပာယ်မှာ ကေသရာဇာခြင်္သေ့မင်းသည်           စားစရာ အငတ်ဘေးကြုံလာလျှင်သော်လည်း        မြက်ခြောက်ကိုပင် မစားရာ။

ထိုဥပမာကို ကြည့်ခြင်းအားဖြင့် မြန်မာတို့၏ ပင်ကိုသတ္တိနှင့် ဗီဇကို တည်တံ့ရန်နှင့် လွယ်လွယ်နှင့် မစွန့်နိုင်အောင် သစ္စာတရားဖြင့် ထိန်းထားရပေမည်။ လူသားတို့သည် မိမိ၏ဗီဇနှင့် မျိုးနွယ်ကို ထိန်းသိမ်းရန်လည်း လိုပေမည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ သစ္စာအကြောင်း တင်ပြလိုသည်။ သုဝဏ္ဏသာမဇာတ်တော်တွင် မိဘများက မှန်ကန်သောသစ္စာဆို၍ အသက်ကို ကယ်ဖူးသော သာဓကကဲ့သို့ပင် မှန်ကန်သောစကားကို သစ္စာဆို၍ သားငယ်အသက်ကို ကယ်ဖူးသောပုံပြင်ရှိခဲ့သည်။ တင်ပြရလျှင်-

ရှေးသရောအခါက အလွန်ရိုးသားပြီး ဆင်းရဲသော သူဆင်းရဲလင်မယားနှစ်ယောက်ရှိခဲ့ဖူးပါသည်။ ထိုသူတို့တွင် သားတစ်ယောက်ရှိခဲ့သည်။ တစ်နေ့တွင် ထိုသူဆင်းရဲသည် ကလေးငယ်အားခေါ်ယူ၍ တောခရီးလမ်းတွင်  ထင်းခွေရင်း  အစာရှာရန်အသွားတွင် သားဖြစ်သူအား ပိုးထိကာ မေ့မြောနေခဲ့ရာ မိဘနှစ်ပါးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ရသည်။ လူသူမနီးသော အရပ်ဖြစ်ပေရာ ဆေးဝါးကုသနိုင်ခြင်းအတွက် မတတ်နိုင်ဘဲ ရှိနေလေသည်။ နောက်ဆုံးတွင် သူဆင်းရဲယောကျ်ားဖြစ်သူမှာ  ဤတောထဲတွင်ရှိနေသော နတ်များကို တိုင်တည်ပြီး ဟုတ်တိုင်းမှန်ရာ သစ္စာဆိုမည်ဟု ဆုံးဖြတ်ကာ ယောကျ်ားဖြစ်သူက ကလေးငယ်၏ ဦးခေါင်းပိုင်းတွင်ထိုင်၍ သစ္စာဆိုလိုက်သည်။

ထိုသစ္စာစကားကား အကျွန်ုပ်သည် မိဘများက ပေးစားခဲ့၍ ဇနီးသည်အား ပေါင်းသင်းနေထိုင်လာခဲ့ရသော်လည်း တစ်ချိန်တစ်ခါမှ ချစ်သည့်အကြောင်းမပြောဖူးခဲ့ပါ။ ဤမှန်ကန်သော သစ္စာတရားကို ပြုပါ၏။ ကျွန်ုပ်၏သားလေး အဆိပ်ပြေ၍ အသက်ဘေးမှ ချမ်းသာရာရောက်အောင် နတ်များ ကယ်မပေးပါ ဟု ပြောခဲ့ဖူးသည်။

ဤတွင် ဇနီးလုပ်သူကလည်း ထိုကဲ့သို့သော လင်ယောကျ်ား၏ သစ္စာဆိုသောအသံကို ကြားလိုက်ရသောအခါ  ဟယ်...ဟုတ်ပါရဲ့၊   ငါတို့သည် ပေါင်းသင်းလာသော်လည်း တစ်ခါမှ ချစ်ကြောင်းမပြောဖူးပါလား။ ငါလည်း ထို့အတူ ပေါင်းသင်းနေထိုင်ခဲ့ဖူးသည်။ ထို့အတွက် ထိုကဲ့သို့သော မှန်ကန်သောသစ္စာကို ဆိုမည်ဟုတွေးမိပြီး သူ၏လင်ယောကျ်ားကဲ့သို့ပင် သစ္စာစကားကို ထပ်မံဆိုခဲ့သည်မှာ ကျွန်တော်မသည် ထိုလင်ယောကျ်ားအပေါ်၌ တစ်ခါမှ ချစ်စိတ်မဖြစ်ခဲ့ပါ။ ချစ်တဲ့အကြောင်း တစ်ခါမှ မပြောမိဖူးပါ။ ဤသစ္စာစကားကြောင့် ကျွန်တော်မ၏ သားငယ်သည် အဆိပ်ပြေ၍အသက်ရှင်နိုင်ပါစေသတည်းဟု သစ္စာစကားဆိုခဲ့သည်တွင် တောတောင်ထဲမှ နတ်များသည် ထိုသို့ သောကရောက်နေသော မိဘနှစ်ပါး၏ သစ္စာစကားကြောင့် သားငယ်ကို ကယ်တင်ပေးလိုက်လေသည်။

ဤပုံပြင်ကလေးကို စာရေးသူ ငယ်စဉ်က ကြားဖူးသောကြောင့် သစ္စာသည် လေးနက်တည်တံ့သည်၊ မှန်ကန်သည် ဖြစ်ခြင်းကြောင့် နတ်များကပင်မနေနိုင် စောင့်ရှောက်ကြည့်ရှုကြရသည်။ ထိုဥပမာကို ကြည့်ခြင်းဖြင့် လူ့လောကတွင် နေထိုင်သော လူသားတို့သည် လူမှုပေါင်းသင်းဆက်ဆံရေးတွင် လူမှုရေးကျယ်ပြန့်လေလေ၊  သစ္စာရှိလေလေဖြစ်ပါသည်။  ထို့အတူ တာဝန်ကြီးလေလေ   သစ္စာရှိရလေပင်ဖြစ်ပါ၏။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ၃၈ ဖြာ မင်္ဂလာတရားတော်သည် လူမှုရေးလောကကို မူတည်၍ ဟောကြားခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးပင် သတ္တဝါများအားလုံးအတွက် ကယ်ဆယ်နိုင်ရန် လုံ့လဝီရိယကိုမလျှော့ဘဲ စစ်မှန်သောတရားကို ရှာခဲ့ရပါသည်။ လူမှုရေးဟူသည်မှာ ဘုရားတရားတော်အရ လူတိုင်းကျင့်ကြံနိုင်ပါက ဤလောကကြီးသည် ချမ်းသာပကတိ ရရှိပေတော့မည်။

ဆက်လက်၍ လူမှုရေးရာအဖြာဖြာကို မိဘပြည်သူများနှင့်တကွ အတူပူးပေါင်းကာ လုပ်ဆောင်သွားကြပါစို့ဟူ၍ တိုက်တွန်း ရေးသားလိုက်ရပါသည်။

ဟုတ်သော အကြံ၊ မှန်သောအလုပ် ဖြူသောနှလုံး၊ အစဉ်သုံး၍ ကျင့်သုံးနိုင်ကြပါစေ။    ။

မန်းခင်ခင်